မေ ၂၁ ရက် မွန်းလွဲပိုင်းက ဗဟန်းမြို့နယ်အတွင်း တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်မူးနေသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းမိ

ပို့စ်တင်ချိန် - 5/22/2014 10:42:00 AM


မေ ၂၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းတွင် တက္ကစီတစ်စီးအား လုယူမောင်းနှင် ထွက်ပြေးသွားသည့် အရက်သေစာ သောက်စားထားသူကို ကမာရွတ်မြို့နယ် အရောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။

ယင်းကဲ့သို့ တက္ကစီအား လုယူမောင်းနှင် ထွက်ပြေးခဲ့သူမှာ ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသား၊ ငါး ရောင်းချနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၁ ရက်မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ် အင်းလျားလမ်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းရှေ့တွင် မောင်စိုးပြည့်မွန် အသက် ၂၈ နှစ် ကြည့်မြင်တိုင်မြို့နယ်နေသူက တက္ကစီတစ်စီးအား တားခဲ့ပြီး ယာဉ်၏နောက်ခန်း၌ ၀င်ထိုင်ခဲ့ကာ ယာဉ်မောင်းကို နောက်မှသိုင်းဖက်ပြီး ထိုးခဲ့ကြောင်း သိရသည်။

တက္ကစီယာဉ်မောင်းဖြစ်သူ ဦးစိုးမိုး စမ်းချောင်းမြို့နယ်တွင် နေသူက အင်းလျားလမ်းရှိ သစ်သီးဆိုင်တန်း အရောက်တွင် ယာဉ်ပေါ်မှ ဆင်းပြေးခဲ့ကြောင်း၊ ထိုအချိန်တွင် စိုးပြည့်မွန်က အဆိုပါတက္ကစီအား ဆက်လက်မောင်းနှင်သွားခဲ့ကာ ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် အင်းလျားလမ်းထောင့်အနီးတွင် လိုက်ထရပ်ယာဉ်တစ်စီးအား တိုက်မိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ တိုက်မိချိန်တွင် ယာဉ်ထိန်းရဲနှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့က ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူ ဦးစိုးမိုးက “ကျွန်တော်က ဓမ္မစေတီလမ်းကနေ အင်းလျားလမ်းပေါ်ကို မောင်းလာတယ်။ ကွန်ပျူတာတက္ကသိုလ်ရှေ့ အရောက်မှာ ကားရှေ့ကနေ မောင်းလို့မရအောင် လမ်းကိုပိတ်ပြီးတော့ အမျိုးသားတစ်ဦးက တားပါတယ်။ သူက ကားအနားရောက်လာလို့ ကျွန်တော်က မှန်ဖွင့်တဲ့အချိန်မှာ ကျွန်တော့်ကို လက်သီးနဲ့ထိုးတယ်။ ကားကိုမောင်းတဲ့အချိန်မှာ သူက ကားနောက်တံခါးကိုဖွင့်ပြီး အတင်းဝင်လာပြီးတော့ ကျွန်တော့်လည်ပင်းကို ညှစ်ပြီးထိုးတယ်။ အဲဒီမှာ ကျွန်တော်သူ့ကိုပြောတယ်။ အစ်ကို ဘယ်သွားချင်လဲ။ ရောက်အောင်လိုက်ပို့ပေးမယ်ပြောတာ မရဘူး။ မရတာနဲ့ ကျွန်တော်လည်း ကားကို ထိုးရပ်ပြီးတော့ ထွက်ပြေးခဲ့တယ်” ဟု ဖြစ်စဉ်အား မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

“ကျွန်တော်သိရတာတော့ အနားမှာ ယာဉ်တိုက်မှုဖြစ်လို့ သွားစစ်တယ်။ တိုက်လိုက်တဲ့ ယာဉ်မောင်းရဲ့လိုင်စင်ကို စစ်ဖို့မေးတဲ့အခါမှာ သူက သွားစစ်တဲ့ ယာဉ်ထိန်းရဲကို ထိုးတယ်။ အဲဒီမှာ ၀ိုင်းဖမ်းခဲ့တာပါ” ဟု အင်းလျားလမ်းမီးပွိုင့်ရှိ တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က“ဖြစ်စဉ်ကို ကျူးလွန်ခဲ့တဲ့သူက အရက်သေစာ သောက်စားထားပါတယ်။ သူ့ကို ဖမ်းမိတဲ့အခါမှာလည်း အထိုးခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ အခုသူ့ကို ဗဟန်းမြို့နယ် ရဲစခန်းအတွင်းမှာ စစ်ဆေးနေပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကိုလည်း ဆေးစာအဖြေထွက်မှ သိရမယ်။ အကယ်၍ သုံးစွဲထားရင်တော့ ထပ်ပြီး အရေးယူသွားမယ်။ ဘာကြောင့် ဒီလိုလုပ်တယ် ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါပဲ” ဟု မေ ၂၁ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူကို ဗဟန်းမြို့မရဲစခန်း (ပ) ၂၁၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ကမာရွတ် မြို့မရဲစခန်း၌ တက္ကစီယာဉ်အား လုယူသွားသူကို ယာဉ်တိုက်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးနေကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက မေ ၂၁ ရက် ညပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ စခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက “အဲဒီယာဉ်က ကျွန်တော်တို့ ကမာရွတ်ဘက်မှာလည်း ယာဉ်တိုက်မှုလေးမှု ဖြစ်ပွားခဲ့တယ်။ ပြီးတော့ သွားစစ်တဲ့ ယာဉ်ထိန်းရဲကိုလည်း ပြန်လည်ရန်ပြုတဲ့အတွက် သူ့ကို အမှုဖွင့်ထားတယ်” ဟု ပြောကြားသည်။

လုယူခံရသည့် တက္ကစီယာဉ် (ပုံသေး)နှင့် ကျူးလွန်သူကို ပြန်လည်ဖမ်းဆီးရမိခဲ့သည့် အင်းယားလမ်းမီးပွိုင့်အနီး (ပုံကြီး) ကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

Eleven Media Group