သဲကုန်းလယ်သမားအရေး ကူညီသူကို ရိုက်နှက်သည့် ရဲတပ်ဖွဲ့ကို အရေးယူပေးရန် ဗကသ ကျောင်းသားများ ဆန္ဒပြ

ပို့စ်တင်ချိန် - 5/22/2014 08:57:00 PM


Written by ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ ပဲခူးတိုင်း သဲကုန်းမြို့နယ်တွင် လယ်သမားများအရေး ကူညီဆောင်ရွက်သည့် ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် မေလ ၁၄ရက်က ရိုက်နှက်ခံသော ရဲတပ်ဖွဲ့ကို အရေးယူပေးရန်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် (ဗကသ) မှ ကျောင်းသား ငါးဆယ်ခန့်က ပြည်မြို့တွင် မေလ ၂၂ ရက်က သွားရောက် ဆန္ဒပြခဲ့သည်။

လယ်ယာမြေအသိမ်းခံထားရသည့် သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် မေလ ၁၄ ရက် ဆန္ဒပြပွဲ၌ ဒေသခံလယ်သမားများဖြစ်သည့် ဒေါ်ညို၊ ဦးမောင်ဝင်း၊ ဒေါ်ခင်မာအေးအပါအဝင် တောင်ငူခရိုင်မှ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် ကိုရဲများက ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများကပြောသည်။


“အကြမ်းဖက် ဖမ်းဆီးရိုက်နှက်တဲ့ ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ ဒီမှာ အာဏာပိုင်တွေကို ကြွေးကြော်ပြီး တိုင်နေတာ ဖြစ်တယ်”ဟု ဗကသကျောင်းသားများ အဖွဲ့ချုပ်ဗဟိုမှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဦးရဲရင့်ဇော်က ပြောသည်။

လက်ရှိတွင် မေလ ၁၄ ရက်က ဖမ်းဆီးထားသူများထဲမှ ဒေါ်ညိုနှင့် ဦးခင်မောင်ဝင်းကို ပေါင်းတည်ထောင်တွင် ပို့ဆောင်ထားပြီး ကိုကောင်းထက်ကျော်နှင့် ဒေါ်ခင်မာအေးက တိမ်းရှောင်နေသည်ဟု ဒေသခံများကပြောသည်။

“ဦးသိန်းစိန်ပြောတဲ့ ဒီမိုကရေစီက လယ်သမားတွေကို ထောင်ထဲထည့်ပြီး ကျောင်းသားကို ဒုတ်နဲ့ ရိုက်တဲ့ ဒီမိုကရေစီဖြစ်တယ်” ဟုလည်း ဆန္ဒဖော်ထုတ်သူတစ်ဦးက ဟောပြောခဲ့သည်။

မေလ ၂၂ ရက် နံနက်ပိုင်း ဆန္ဒထုတ်ဖော်ပွဲတွင် ဗကသကျောင်းသားများသည် ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး စုဝေးပြီး အာဇာနည် ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းကို အလေးပြုကာ စတင်ချီတက်ခဲ့သည်။ ယင်းမှတဆင့် ဗိုလ်ချုပ်လမ်းမြောက်စောင်းတန်းလမ်း၊ စစ်ကဲလမ်း၊ ပန်းပဲတန်းလမ်း အတိုင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ လမ်းလျှောက်ချီတက်ခဲ့သည်။

ခရိုင်ရုံးရှေ့တွင် ဆယ့်ငါးမိနစ်ခန့် ကြွေးကြော်ဟောပြောခဲ့ပြီး ပန်းပဲတန်းလမ်း၊ စစ်ကဲလမ်း၊ လမ်းမတော်လမ်း၊ ရုံးလမ်း ကမ်းနားလမ်း အတိုင်း ခရိုင်တရားရုံးရှေ့သို့ ချီတက်ခဲ့သည်။

ခရိုင်တရားရုံးရှေ့တွင် ဆယ်မိနစ်ခန့် ကြွေးကြော် ဟောပြော၍ ဗိုလ်ချုပ်မြင်းစီးရုပ် ရှေ့သို့ ပြန်လည်ထွက်ခွာခဲ့သည်။ အာဇာနည် ဗိုလ်ချုပ်အား ထပ်မံအလေးပြုကာ ဆန္ဒဖော်ထုတ်မှုကို ရပ်နားခဲ့သည်။

လယ်သမားများကို တရားရုံးချိန်းသည့် မေ၂ဝရက်တွင်လည်း ဗကသကျောင်းသားများ နှင့် လယ်သမားများ စုပေါင်းကာ သဲကုန်း မြို့တွင်း လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ပြီး မေ၂၁ရက်တွင် တရားရုံးရှေ့ လမ်းမပေါ်၌ ငြိမ်းချမ်းစွာ စုဝေးခြင်းများ ပြုလုပ်ခဲ့သည်။

Mizzima Burmese