ဘာစီလိုနာနှင့် စိတ်ပျက်ဖွယ် ရာသီကို အာဂျင်တီးနားနှင့်အတူ ပြောင်းပြန်လှန်ပစ်ရန် မက်ဆီမျှော်လင့်

ပို့စ်တင်ချိန် - 5/22/2014 08:35:00 AM


ဘာစီလိုနာနှင့် စိတ်ပျက်ဖွယ် ဘောလုံးရာသီကို ဖြတ်သန်းခဲ့ပြီးနောက် အဆိုပါ အခြေအနေများကို ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားနှင့်အတူ ပြောင်းပြန်လှန်ပစ်ရန် မျှော်လင့်ထားကြောင်း လီယွန်နယ်လ် မက်ဆီက ဖွင့်ဟခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို (၄)ကြိမ်ရရှိဖူးသည့် အာဂျင်တီးနား လက်ရွေးစင်သည် ဘရာဇီးလ်တွင် ကျင်းပမည့် ပြိုင်ပွဲကြီး၌ ကမ္ဘာ့ဖလား ဆုတံဆိပ်ကို လက်ဝယ်ပိုင်ပိုင် ရရှိရန် ဆန္ဒပြင်းပြလျှက် ရှိသည်။ ၎င်း၏ ကလပ်အသင်း ဘာစီလိုနာသည် ယခုရာသီတွင် ဖလားလက်မဲ့ အခြေအနေမျိုး ဖြတ်သန်းခဲ့ရပြီး နည်းပြ ဂီရာဒို မာတီနိုသည်လည်း အသင်းမှ ထွက်ခွာသွားခဲ့သည်။ အသက်(၂၆)နှစ်ရှိ မက်ဆီသည် လက်ရွေးစင် အသင်းတွင် ကလပ်အသင်းလောက် အားစိုက်ကစားမှု မရှိဟု ဝေဖန်မှုများ ကြုံရလေ့ရှိပြီး ယခုကမ္ဘာ့ဖလားတွင်မူ အာဂျင်တီးနားနှင့်အတူ သမိုင်းသစ် ဖန်တီးနိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။


“ဒီနှစ်က ကျွန်တော့်အတွက် အကောင်းဆုံးတော့ မဖြစ်ခဲ့ဘူး။ ဒီထက်ပိုကောင်းတဲ့ အဆုံးသတ်မျိုး ကျွန်တော် မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဘာစီလိုနာ တစ်သင်းလုံး ရုန်းကန်ခဲ့ရတယ်လေ”ဟု မက်ဆီက ဆိုသည်။ ၎င်းက “ခုချိန်မှာ ကျွန်တော် လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့ပြီ။ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိုက်ချင်ပါတယ်။ အကြိမ်ပေါင်း တော်တော်များများ ကျွန်တော် အပြောအဆို ခံခဲ့ရတာက ဘာစီလိုနာအတွက် ပိုကောင်းအောင် ကစားပေးနေတယ် ဆိုတာပါပဲ။ ခုတစ်နှစ်မှာတော့ ကျွန်တော် ဘာစီလိုနာအတွက် အကောင်းဆုံး မကစားပေးနိုင်ခဲ့ဘူး။ ဒီတော့ ပြောင်းပြန်ဖြစ်ပြီး အာဂျင်တီးနားမှာ အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ကွင်းထဲမှာ ကျွန်တော်နဲ့ လက်ရွေးစင် အသင်းဖော်တွေ ပူးပေါင်းပြီး ကွဲပြားတဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးယူနိုင်မယ် ထင်ပါတယ်”ဟု ဖွင့်ဟသွားသည်။

အာဂျင်တီးနားသည် ကမ္ဘာ့ဖလားတွင် နိုက်ဂျီးရီးယား၊ အီရန်၊ ဘော့စ်နီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျှက်ရှိသည်။
Ref: dailymail

soccermyanmar