လူ့တန်ဖိုးမေ့လျော့ခံရခြင်း

ပို့စ်တင်ချိန် - 5/22/2014 04:34:00 PM


 အကြောင်းအမျိုးမျိုးဖြင့် လူသားတစ်ယောက် သေဆုံး (သို့မဟုတ်) ဒဏ်ရာရခဲ့သည့် မှုခင်းများအနက် အလုပ်သမားများ လုပ်ငန်းခွင်အတွင်း မတော်တဆမှုနှင့်  ပေါ့လျော့မှုကြောင့်ဖြစ်ပွားသည့် မှုခင်းများမှာ အများဆုံးပါဝင်နေပါသည်။ လက်ရှိအခြေအနေများအရ ကျွမ်းကျင်လုပ်သားရှားပါးခြင်း၊ အလုပ်သမားများ လုပ်ငန်းအတွေ့အကြုံနည်းပါးခြင်းတို့အပြင် လုပ်ငန်းရှင်သူဌေးကိုယ်တိုင်က အလုပ်သမားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးခြင်းက အဓိကအကြောင်းရင်း ဖြစ်နေပါသည်။

အမှုကြီးဆယ်မျိုးအပါအ၀င် မြန်မာတစ်နိုင်ငံလုံးတွင် ဖြစ်ပွားသည့် မှုခင်းအားလုံးအနက် လုပ်ငန်းခွင်မတော်တဆမှုနှင့် ပေါ့လျော့မှုတို့ကြောင့်ဖြစ်ပေါ်သည့် သေဆုံး၊ ဒဏ်ရာရမှုမှာ ပျမ်းမျှအားဖြင့် နှစ်စဉ် ၂၅ ရာခိုင်နှုန်းခန့်အထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ မှုခင်းနှစ်ချုပ်စာရင်းများအရ သိရသည်။

ကာယကံရှင်အလုပ်သမား၏ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာနည်းပါးမှု၊ လုပ်ငန်းရှင်၏ နည်းပညာဆိုင်ရာ အထောက်အပံ့အားနည်းမှုနှင့် လုပ်ငန်းခွင်အတွင်း ကြိုတင်ပြင်ဆင်မှုအားနည်းခြင်းတို့ကြောင့် လူသေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်၏ နောက်ကွယ်တွင် သက်ဆိုင်ရာမိသားစုဝင်များ နေ့စဉ် စားဝတ်နေရေးအတွက် ဒုက္ခပင်လယ်ဝေကြရသည်။ ထို့ကြောင့် ယင်းအခြေအနေကို စနစ်တကျထိန်းသိမ်းကာကွယ်ရန် အရေးတကြီးလိုအပ်နေကြောင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ Global Enchanting Eduction Center မှ လုံခြုံရေးဆိုင်ရာ အရည်အသွေးစစ်ဆေးရေးအရာရှိ ဦးအောင်ကိုကပြောသည်။

‘‘လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးက ဘယ်လောက်အရေးပါလဲဆိုရင် အလုပ်သမားတစ်ယောက်သေတာနဲ့ သူ့နောက်က မိသားစုဝင်တွေလည်း ဒုက္ခရောက်ကြတာပဲ။ လူကိုလူလိုမြင်ရင် သူဌေးတို့၊ အင်ဂျင်နီယာတို့ကိုတင် တန်ဖိုးထား အရေးပေးနေရမှာ မဟုတ်ပါဘူး။ အလုပ်သမားလည်း လူပါပဲ’’ဟု ဦးအောင်ကိုက ပြောသည်။

‘‘တန်ရာတန်ကြေးနဲ့ အလုပ်ပေးထားတယ်ဆိုပြီး မျက်နှာလွှဲခဲပစ်မလုပ်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ လုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ မတော်တဆထိခိုက်မှုတွေ လျော့နည်းအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကာကွယ်ပေးသင့်ပါတယ်’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဖြစ်သမျှ မှုခင်းဖြစ်စဉ်များအနက် လုပ်ငန်းခွင်မတော်တဆမှုကြောင့်ဖြစ်သည့် လူသေဆုံး၊ ဒဏ်ရာရမှုမှာ အများဆုံးဖြစ်နေခြင်းကို ရည်ရွယ်၍ အငြိမ်းစားရဲမှူးကြီးက ပြောခြင်းဖြစ်ပါသည်။

ယခုနှစ်အတွင်း သိသာထင်ရှားသော လုပ်ငန်းခွင်မတော်တဆမှုအဖြစ် ဧပြီလက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့တွင် ဖြိုလက်စအဆောက်အအုံပြိုကျသောကြောင့် ဆောက်လုပ်ရေးအလုပ်သမားသုံးဦး သေဆုံးခဲ့သည်။ ဥပဒေအရ လုပ်ငန်းရှင်တွင် တာဝန်အပြည့်အ၀ရှိသော်လည်း အဆိုပါအမှုမျိုးမှာ ကရုဏာကြေးဟု ခေါင်းစဉ်တပ်ထားသည့် လျော်ကြေးနှင့်ပင် အမှုပိတ်သိမ်းလေ့ရှိသောကြောင့် ဥပဒေအရ အားနည်းချက်များရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးမြင့်ဦးကပြောသည်။

ထို့အပြင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများစွာရှိနေသည့် ဖားကန့်၊ ရမည်းသင်းနှင့် သပိတ်ကျင်းမြို့နယ်ကဲ့သို့ ဒေသများတွင်လည်း လုပ်ငန်းခွင်မတော်တဆမှုကြောင့် အလုပ်သမားသေဆုံးမှု မကြာခဏဖြစ်ပွားနေပြီး လုပ်ငန်းရှင်များအား ထိရောက်သောအရေးယူမှုမျိုး မရှိခဲ့ကြောင်း ဦးမြင့်ဦးကပြောသည်။

‘‘ကျွန်တော်တို့က ကန်ထရိုက်ကတစ်ဆင့် နေ့စားဝင်လုပ်ရတာဆိုတော့ သူတို့ကိုယ်ပိုင်အလုပ်သမားတွေဝတ်တဲ့ ၀တ်စုံတွေမရပါဘူး။ တောင်းတော့ မင်းတို့အတွက်မပါဘူးလို့ အလုပ်သမားခေါင်းကပြောတယ်။ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင်ထွက်လို့ပြောတော့လည်း ဒီလိုပဲလုပ်နေရတာပေါ့’’ဟု ဘုရင့်နောင်ပွဲရုံအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အသက်(၁၈)နှစ်အရွယ် ဆောက်လုပ်ရေးအလုပ်သမား ဝေလွင်ကပြောသည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတစ်ယောက် သေဆုံး၊ ဒဏ်ရာရပါက ကျန်ရစ်သူမိသားစုကို လုပ်ငန်းရှင်ကပေးသည့် လျော်ကြေးငွေ သိန်းဆယ်ဂဏန်းခန့် ငွေကြေးပမာဏမှာ ကာယကံရှင်မိသားစုအတွက် အလွန်များသည့် ငွေကြေးအဖြစ် ထင်မှတ်နေခြင်းကလည်း အရေးယူမှုအပိုင်းအားနည်းရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ဦးမြင့်ဦးက သုံးသပ်သည်။

‘‘မိသားစုဝင်တွေက တစ်ခါမှမရဖူးတဲ့ ငွေကြေးကိုယူပြီး ပြန်သွားတယ်။ ကုန်လည်းကုန်ရော ဒုက္ခတွေရောက်ကုန်ကြတယ်။ ငွေရရေးအတွက် အမြန်ကျေအေးလိုက်တော့လည်း အရေးယူတဲ့အပိုင်း မထိရောက်တော့ဘူးပေါ့’’ဟု ဆိုပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းများစွာရှိနေသည့် ရန်ကုန်မြို့တွင် လုပ်ငန်းခွင်တော်တော်များများ၌ Safety First ဟူသည့် ဗီနိုင်းများ ဟိတ်ဟန်ကြီးကြီး ထားရှိကြသော်လည်း အမှန်တကယ်တွင်မူ လိုက်နာမှုများနည်းကြောင်း စမ်းချောင်းမြို့နယ် ကျွန်တောလမ်းရှိ ကားပါကင်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ နေ့စားအလုပ်သမား ဦးလှစိုးက ပြောသည်။

‘‘ကုမ္ပဏီတွေက သူတို့ကိုယ်ပိုင်အလုပ်သမားတွေကိုပဲ လုပ်ငန်းသုံးဝတ်စုံပေးတာ။ ကျွန်တော်တို့လို ကန်ထရိုက်ကခေါ်လို့ လာလုပ်တဲ့သူတွေကို မပေးဘူး။ ဒီအတိုင်းပဲ လုပ်နေရတာပဲ။ တစ်ခါတစ်လေ အမြင့်တွေတက်ရင်တောင် ပုဆိုးကွင်းသိုင်းပြီး တက်ရတာ’’ဟု ဆိုသည်။

‘‘အလုပ်သမားအများစုက ဗဟုသုတနည်းသလို လုပ်ငန်းရှင်ကလည်း တာဝန်ယူမှုအားနည်းတယ်။ အလုပ်သမားကိုယ်တိုင်က အမြင့်တက်ရင် လိုအပ်တဲ့လုံခြုံရေးဝတ်စုံလိုချင်ရင်တောင် အလုပ်ပိုင်ရှင်က ထုတ်မပေးတာမျိုးရှိတယ်။ ဒီမှာလက်ရှိသုံးနေတဲ့ ၀တ်စုံတွေကလည်း အရည်အသွေးညံ့ပါတယ်။ လိုအပ်ချက်တွေကတော့ အများကြီးပါ’’ဟု Global Enchanting Eduction Center မှ အတိုင်ပင်ခံ ဦးဝေဖြိုးဦးကပြောသည်။

လုပ်ငန်းခွင်အန္တရာယ် အများဆုံးရင်ဆိုင်နေရသည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ သတ္တုနှင့် ရေနံတူးဖော်သည့် လုပ်ငန်းများအပြင် အမျိုးသမီးအများစု အလုပ်လုပ်နေသည့် အထည်ချုပ်ကဲ့သို့ စက်ရုံများဖြစ်နေပြီး ကျွမ်းကျင်လုပ်သားရှားပါးခြင်းကလည်း မတော်တဆဖြစ်ပွားမှုများခြင်း၏ အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း Hertz ElectriGroup အမည်ဖြင့် ဆောက်လုပ်ရေးလုပ်သားများအား လျှပ်စစ်ဝိုင်ယာရိန်းတပ်ဆင်နည်း သင်တန်းပေးနေသည့် မန္တလေးမြို့မှ ကိုတင်မောင်လတ်ကပြောသည်။

‘‘အများစုက လုပ်ရင်းနဲ့တတ်လာတာ။ ဒါပေမဲ့ နည်းပညာက တိုးတက်လာတော့ တချို့အပိုင်းတွေမှာ လိုအပ်ချက်တွေရှိတယ်။ စာတွေ့မရှိကြတော့ ပညာရပ်ပိုင်းဆိုင်ရာ အခက်အခဲရှိကြတယ်။ ဆောက်လုပ်ရေးပိုင်းမှာဖြစ်ဖြစ် ၀ိုင်ယာရိန်းပိုင်းမှာဖြစ်ဖြစ် ကျွမ်းကျင်လုပ်သားတွေသုံးဖို့ လိုသလို အရည်အသွေးမီတဲ့ အကာအကွယ်ပစ္စည်းတွေ ထုတ်ပေးနိုင်ဖို့ လိုတယ်။ ဒီအလုပ်တွေက တစ်ချက်အမှားမခံဘူးလေ’’ဟု ကိုတင်မောင်လတ်ကပြောသည်။

‘‘အလုပ်ရှင်တွေကလည်း အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ထိခိုက်မှုဖြစ်လာရင် ကုမ္ပဏီနာမည်မပျက်ဖို့ပဲ ဦးစားပေးဖြေရှင်းကြတာ။ အရည်အသွေးညံ့ပြီး တကယ့်ကို အကာအကွယ်မပေးနိုင်တဲ့ ပစ္စည်းတွေဝယ်ပေးထားတာကိုက အဓိပ္ပာယ်မရှိပါဘူး။ အလုပ်ရှင်တွေဘက်က တော်တော်လေးစိတ်ဝင်စားမှုနည်းပါးတယ်။ ကျွန်တော်  အကြံပြုချင်တာကတော့ ကျွန်တော်တို့အပြင် အစိုးရကိုယ်စားလှယ်တာဝန်ရှိသူတွေက စည်းကမ်းချက်တွေ တင်းတင်းကျပ်ကျပ်ထုတ်ပြန်ပြီး သတိပေးဖို့လိုနေပါပြီ’’ဟု ဦးအောင်ကိုက အကြံပြုသည်။

လုပ်ငန်းခွင်မတော်တဆမှုဖြစ်ပြီး လူသေဆုံး/ဒဏ်ရာရမှုများအနက် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လူသေမှုအများဆုံးဖြစ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဆိုက်မှာတော့ safety First တွေ ဘာတွေ လာပြောမနေနဲ့။ ဘာမှကို ပြင်ဆင်မှုမရှိတာ။ နေပူပူ၊ မိုးရွာရွာ တစ်ချိန်လုံး အင်အားအကုန်သုံးပြီး လုပ်ရတာ။ ဒီကြားထဲ အလုပ်သမားခေါင်းက နေ့စားခကို ဖြတ်ယူတာ ခံရသေးတာ။ ဒီနားမှာတော့ အလုပ်သမားရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေ အားလုံးနီးပါးမသိကြပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ’’ဟု ဆင်မလိုက်သင်္ဘောကျင်းတွင် အလုပ်လုပ်နေသည့် ကိုဖိုးဝကပြောသည်။

လုပ်ငန်းခွင်အတွင်း မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုလျော့ကျရေးအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများ သုံးစွဲလုပ်ကိုင်စဉ် ထိခိုက်သေဆုံးမှုဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီနှင့် စစ်ဆေးကြီးကြပ်သူတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း အသုံးပြုနေသည့် လုံခြုံရေးပစ္စည်းများမှာ အလုပ်သမားများအတွက် လုံခြုံရေးအာမခံမရှိဘဲ အသုံးပြုနေသဖြင့် မကြာမီထွက်ရှိမည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းဥပဒေတွင် လုံခြုံရေးပစ္စည်းများ စစ်ဆေးသည့် အဖွဲ့ဖွဲ့၍ အရေးယူနိုင်ရေး ဥပဒေရေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိသည်။

အလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုအတွက် အကာအကွယ်ပေးသောဥပဒေများ ထုတ်ပြန်ပေးမည်ကို မျှော်လင့်သော်လည်း အမှန်တကယ် အန္တရာယ်ကင်းရှင်းရေးမှာ လိုအပ်ချက်များစွာရှိနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ရှေ့နေဦးနေ၀င်းက ထောက်ပြပြောဆိုသည်။

‘‘အလုပ်ရှင်တွေကိုယ်တိုင် အလုပ်သမားတွေရဲ့လုံခြုံရေးအတွက် အာရုံစိုက်မှုအားနည်းတယ်။ အကျိုးအမြတ်ကိုပဲ ဦးစားပေးတာမျိုးဖြစ်နေတယ်။ အလုပ်သမားဆိုတာလည်း စီးပွားဖက်ချင်းပဲလေ။  အလုပ်သမားတစ်ယောက် ထိခိုက်သွားရင် နောက်က သူတို့မိသားစုပါ ဒုက္ခရောက်တာ။ ၀န်ကြီးဌာနအနေနဲ့ အရေးယူမှုအပိုင်းမှာ လက်တွေ့ပါဖို့တော့ လိုတယ်’’ဟု ပြောသည်။

‘‘လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေ လက်တွဲညီညီနဲ့ ၀ိုင်းဝန်းဖြေရှင်းရင်တော့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းစာရင်းမှာလည်း မတော်တဆမှုကြောင့်  အပြစ်မဲ့သူတွေသေတဲ့နှုန်း လျော့သွားမယ်လို့ မျှော်လင့်ပါတယ်’’ဟု အငြိမ်းစားရဲမှူးကြီးညွန့်လှိုင်ကပြောပါသည်။

7Day News Journal