တယ်လီနောကုမ္ပဏီ ဆင်းမ်ကတ်ဝယ်ယူရရှိနိုင်မည့်နေရာ ခုနစ်သောင်းခန့် ထားမည်ဆို

ပို့စ်တင်ချိန် - 8/08/2013 10:50:00 AM


ဆွေမွန်
ရန်ကုန်၊ ဇူလိုင်-၂၁

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် Telenor Group က တစ်နိုင်ငံလုံးတွင်  ဆင်းမ်ကတ်ဝယ်
ယူရရှိနိုင်မည့် နေရာခုနစ်သောင်းနီးပါးနှင့် ငွေဖြည့်ကတ်များအတွက် နေရာတစ်သိန်းခန့် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

Telenor Group မှ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်းခံထားရသည့် မစ္စတာ Petter Furberg က မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကွန်ရက်ဝန်ဆောင်မှုများကို ရှစ်လအတွင်း လုပ်ကိုင်သွားမည်ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး၌ အဆိုပါဝန်ဆောင်မှုများကို အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း ယနေ့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆင်းမ်ကတ်ကို ၀ယ်ယူနိုင်မယ့်နေရာကို တစ်နိုင်ငံလုံးမှာ ခုနစ်သောင်းနီးပါး ဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။ ဆင်းမ်ကတ်ကို ၀ယ်ပြီး ထပ်ပြီးတော့ ငွေဖြည့်ကတ်ဝယ်ယူနိုင်ဖို့အတွက်ကို နေရာကိုးသောင်းကနေ တစ်သိန်းထိလုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟု မစ္စတာ Petter Furberg က ပြောသည်။ ရှစ်လအတွင်း ဆက်သွယ်ရေး ကွန်ရက်ချိတ်ဆက်မှုတွင် 2G နှင့် 3G နှစ်မျိုးစလုံးကို လုပ်ဆောင်သွားမည်ဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကွန်ရက်နှစ်မျိုးစလုံးတပ်ဆင်သွားမည်ဖြစ်ပြီး 3G အသုံးပြုမှုများသည့် နေရာများသာမက အင်တာနက်အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်သည်။

ငါးနှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများကို တစ်နိုင်ငံလုံးအသုံးပြုရာတွင် မိုဘိုင်လ်ဖုန်းအသုံးပြုမှုများသာမက အင်တာနက်အသုံးပြုမှုကိုပါ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရေးကွန်ရက်များ ဆောင်ရွက်မှုပြီးစီးပါက မိုဘိုင်းလ်ဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ အောက်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခအနေဖြင့်လည်း တစ်မိနစ်လျှင် ၂၅ ကျပ်ထက်လျော့နည်းသည့် ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Telenor Myanmar မှ အမှုဆောင်အရာရှိချုပ်က ပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိရန်အတွက် နောက်ဆုံးအဆင့်အနေဖြင့် အစိုးရအာဏာပိုင်များနှင့် သက်ဆိုင်ရာအရာရှိများ ဆွေးနွေးနေသည့် အခြေအနေဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်လုပ်ကိုင်ခွင့်အတွက် အဆင့်ဆင့်ရွေးချယ်ခဲ့ရာတွင် နော်ဝေးနိုင်ငံအခြေစိုက် Telenor Group နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo(Qatar Telecom) တို့မှ ရရှိထားခြင်းဖြစ်သည်။

7 days news