ပေ ၂၀ အရှည်ရှိ မိကျောင်းကိုက်၍ ကိုရင်သေဆုံး

ပို့စ်တင်ချိန် - 8/08/2013 03:58:00 PM


ပုသိမ်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့က ပေ ၂၀ အရှည်ရှိ မိကျောင်း ခေါင်းရှည်တစ်ကောင် ကိုက်သောကြောင့် ချောင်းအတွင်း ရေဆင်းချိုးနေသော အသက် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကြိမ်ချောင်းကြီးကျေးရွာ သာသနပါလ ကျောင်းတိုက်မှ ကိုရင်ရှင်ဝါယမသည် ဆတ်ကျွန်းချောင်းအတွင်း ယင်းနေ့ နေ့လယ်ပိုင်းက ရေဆင်းချိုးရာမှ အရှည်ပေ ၂၀၊ လုံးပတ် ခုနစ်ပေခန့်ရှိ မိကျောင်း အထီးတစ်ကောင် ကိုက်ဆွဲသွားသဖြင့် ရွာသား ၃၀၀ ခန့်က ဝိုင်းဝန်းရှာဖွေရာ အဆိုပါ ကျောင်းတိုက်နှင့် ကိုက် ၁၀၀ ခန့်အကွာ ချောင်းအတွင်း မိကျောင်းကို တွေ့ရှိ၍ မှိန်းဖြင့် ပစ်ခတ်ဖမ်းဆီးရာ အသေဖမ်းမိခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါမိကျောင်းကို ကြိမ်ချောင်းကြီးရွာ မိန်းမလှကျွန်း ဘေးမဲ့တောရှိ သစ်တောထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်အပ်နှံခဲ့ပြီး တောအုပ်ကြီး၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘိုကလေး ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ကြပ် ထိန်ဝင်းမောင်နှင့် အသိသက်သေများ ရှေ့မှောက်တွင် မိကျောင်းကို ရင်ခွဲစစ်ဆေးရာ ကိုရင်ဝါယမ အလောင်းကို မတွေ့ရှိရသောကြောင့် ဆက်လက်ရှာဖွေရာ သြဂုတ်လ ၅ ရက်နေ့တွင် ကျောင်းတိုက်နှင့် ကိုက် ၈၀၀ ခန့်အကွာ ဆတ်ကျွန်းချောင်းအတွင်းမှ ကိုရင်ဝါယမ အလောင်းကို မိကျောင်းကိုက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောဆိုသည်။
The Voice Weekly