ရှစ်လေးလုံး ငွေရတုတွင် နှစ်ရက်တာ ဆွေးနွေးမှု သုံးချက်အား တတ်ရောက်လာသူ သုံးထောင်ကျော်က သဘောတူဆောင်ရွက်မည်

ပို့စ်တင်ချိန် - 8/08/2013 09:51:00 AM


နန်းလွင်နှင်းပွင့် ၊ ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၅၂ မိနစ်

သြဂုတ်လ ၆ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားတွင် အုပ်စုလေးဖွဲ့ခွဲကာ ဆွေးနွေးမှုများမှ အဖြေထွက်လာသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်စနစ် ထူထောင်ရေး အခြေခံသည့် အချက်သုံးချက်ကို ဆွေးနွေးသူ သုံးထောင်ကျော်က သဘောတူညီခဲ့ကြသည်။

ဆွေးနွေးကြသည့် အုပ်စုလေးစုလုံးတွင် အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ရေရှည်တည်တံ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး နှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် ညီလာခံကြီးတစ်ခု ကျင်းပနိုင်ရေးတို့ကို ဦးတည်ကာ အဖြေတူညီနေသည်။

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ဆုံးဖြတ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ အသစ်ရေးဆွဲရေး (သို့) ပြင်ရန် နှင့်ပတ်သတ်ပြီး မဇ္စျိမက မေးမြန်းရာ ၈၈မျိုးဆက် ကျောင်းသား ကိုမြအေးက "၂၀၀၈ ဖွဲ့စည်းပုံက ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာကို သိနေကြတော့ အားလုံးက ဆွေးနွေးကြတယ်၊ ပြည်သူနဲ့ အစိုးရကြားမှာ ချုပ်ဆိုတဲ့ ပဋိဥာဉ်ဆိုတာ တရားမျှတဖို့၊ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ပြည်သူတွေ လိုအပ်လို့ တောင်းတာကို ပြည့်ပြည့်၀၀ မဟုတ်ရင်တောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုတယ်၊ အဲ့တာကြောင့် ဥပဒေကို ပြင်ရင်ပြင်မပြင်
ရင်အသစ်ရေးဆွဲရမယ်" ဟု ပြောကြားသည်။

လက်ရှိသုံးစွဲနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို ကာကွယ်ပေးထားပြီး ပြည်သူများအား ဖိနှိပ်ထားသဖြင့် ပြည်သူများကိုယ်ပိုင်ပြဌာန်းခွင့် ရစေရန် ဥပဒေကို ပြင်လိုခြင်းဖြစ်သည်ဟု KNU ဆက်ဆံရေးရုံး (မြ၀တီ)မှ မန်းတင်စိုးက ပြောသည်။

၎င်းကပင် " ဒီဖွဲ့စည်းပုံအခြေံဥပဒေက ဘယ်သူ့ကို မှ အကာအကွယ် မပေးတဲ့အပြင် တိုင်းရင်းသားတွေကိုပါ ဘက်ပေါင်းစုံက ချုပ်ကိုင်ထားတယ်" ဟု ထပ်မံပြောကြားသည်။

ဒီမိုကရေစီရေး ၊ နိုင်ငံရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် အဟန့်အတားများ ဖြစ်နေသည့် မတရားအသင်းဖွဲ့စည်း စွပ်စွဲခြင်းများ ပယ်ဖျက်ချင်ကြောင်း ဆွေးနွေးသူ အားလုံးတို့က သဘောတူကြသည်။

ထိုဆွေးနွေးချက် သုံးချက်တို့အပြင် အခြား သဘောတူညီချက်များ အဖြစ် ပြည်သူများအား အဓိက ရည်ရွယ်ကာ တိုင်းရင်းသား အရေးများ ဖြေရှင်းပေးရန်၊ တိုင်းရင်းသား အရေးကိစ္စများ ဖြေရှင်းပြီး အပစ်အခတ်ရပ်စဲထားသည့် နေရာတွင်လည်း ကတိပြုထားသည့် စည်းကမ်းများအား ဆောင်ရွက်ပေးရန်၊ လက်ရှိလယ်ယာမြေသိမ်းဆည်းခံနေ
ရသည့် လယ်သမား အကျိုးစီးပွားများ ကာကွယ်ပေးရန်၊ ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသားလက်နက်ကိုင်များအား လက်ရှိ ပါတီနိုင်ငံရေးများနှင့် ထိစပ်ခွင့်ပေးရန်၊ တိုင်းရင်းသား စုံညီပါဝင်သည့် လွှတ်တော်ပြင်ပ ညီလာခံတစ်ရပ်ကျင်းပကြရန်တို့ ဖြစ်သည်။
Mizzima - News in Burmese