ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံး ဂျပန် စစ်သင်္ဘော ရေချ

ပို့စ်တင်ချိန် - 8/08/2013 03:52:00 PM


တိုကျို၊ သြဂုတ် ၇

ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးဆုံးဖြစ်ကာ ပေပေါင်း ၈၂၀ ရှည်ပြီး အလေးချိန် တစ်သောင်း ကိုးထောင့် ငါးရာတန် ရှိသည့် စစ်သင်္ဘောကြီးကို စတင် အသုံးပြုနိုင်ရန်အတွက် ရေချလိုက်ကြောင်း CNN သတင်း တစ်ရပ်က ဖော်ပြထားသည်။

ရဟတ်ယာဉ် ၁၄ စင်း တင်ဆောင်နိုင်သော အဆိုပါ စစ်သင်္ဘောကြီးကို အီဇုမိုဟု အမည်ပေးထားပြီး ရဟတ်ယာဉ်ဖျက် တိုက်သင်္ဘောအဖြစ် အသုံးပြုနိုင်ကာ အပေါ်ပိုင်းတွင် အပြားပုံစံ ဒီဇိုင်း ဆင်ထားပြီး လေယာဉ်တင် သင်္ဘောနှင့် ပုံစံ တူပေသည်။

သို့သော် အဆိုပါ စစ်သင်္ဘောကြီးကို ဖိုက်တာ ဂျက်လေယာဉ်များ တင်ဆောင်သည့် သင်္ဘောအဖြစ် အသုံးပြုမည် မဟုတ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက NHK ကို ပြောကြားခဲ့သည်။

ယင်းသို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ကြေး ရှိသော စစ်သင်္ဘောကြီးကို ယိုကိုဟားမား သင်္ဘောကျင်း၌ ရေချခဲ့ခြင်းသည် အရှေ့တရုတ် ပင်လယ်အတွင်း ဂျပန်နှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ ကျွန်းစုများ ပိုင်ဆိုင်ရေး ကိစ္စ အငြင်းပွားနေစဉ်နှင့် တိုက်ဆိုင်လျက် ရှိပေသည်။

ဖျက်သင်္ဘော အီဇုမိုကို ဂျပန်နိုင်ငံ အနီးရှိ ရေပြင် ပိုင်နက်များ တွင် ဖြစ်လာနိုင်သော အရေးပေါ် ပြဿနာများအား ကိုင်တွယ် ဖြေရှင်းရန် အတွက် အသုံးပြုမည် ဖြစ်ကြောင်း NHK သတင်းက ဖော်ပြထားသည်။

ဂျပန်၏ စစ်ရေး တိုးချဲ့ လှုပ်ရှားနေခြင်းများကို တရုတ်ဘက်က သတိပေး ထားကြောင်း တရုတ် ပြည်တွင်းထုတ် Global Times သတင်းစာ က ရေးသား ဖော်ပြထားသည်။

“ဂျပန်ရဲ့ စစ်လက်နက်ပစ္စည်း တိုးချဲ့လာမှုတွေကြောင့် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီလိုတိုးချဲ့ စစ်အင်အား မြင့်လာတာတွေကြောင့် ဂျပန်ရဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ နိုးနိုး ကြားကြား စောင့်ကြည့်ဖို့ လိုအပ်လှပါတယ်” ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဂျပန်တို့သည် အိုကီနာဝါကျွန်းနှင့် ထိုင်ဝမ်တို့ အကြားရှိ အရေးပါသော ပင်လယ်ကူး လမ်းကြောင်းအနီးတွင် ရှိပြီး ငါး သယံဇာတနှင့် တွင်းထွက် သယံဇာတများ ပေါများဖွယ် ရှိသော ကျွန်းစုများ ကို သူပိုင် ငါပိုင် ငြင်းဆန်လျက် ရှိကြသည်။ ယင်းကျွန်းများကို ဂျပန်က ဆန်ကာကု ဟု ခေါ်ဆိုကြပြီး တရုတ်က ဒိုင်ယုကျွန်းများဟု ခေါ်သည်။

ယင်းသို့ ဂျပန် အကြီးဆုံး စစ်သင်္ဘောကြီး ရေချသည့် အချိန်သည် မြို့တော် ဟီရိုရှီးမားကောင်းကင်ယံ မှ အမေရိကန် နျူကလီးယားဗုံး ကြဲချသည့် (၆၈) နှစ်မြောက်နှင့် တိုက်ဆိုင်လျက်ရှိသည်။

စစ်သင်္ဘောကြီး ရေချပွဲ အခမ်းအနားသို့ ဒုတိယ ဝန်ကြီးချုပ် တာရိုအာဆို ကိုယ်တိုင် တက်ရောက်ခဲ့သည်။
The Voice Weekly