ရေနံသူဌေးကြီးကို လွှတ်ပေးမည်ဟု ရုရှားသမ္မတပြော

ပို့စ်တင်ချိန် - 12/21/2013 08:45:00 AM


ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ သူ့ရဲ့ အထင်ရှားဆုံးအတိုက်အခံနဲ့ ရေနံသူဌေးကြီး မီခေးလ် ခိုဒိုကော့လ်စကီးကို အကျဉ်းချထားရာက လွှတ်ပေးတော့မယ်လို့ ဒီဇင်ဘာ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲ အပြီးမှာ ပြောပါတယ်။

၂၀၁၄ ဆောင်းရာသီ အိုလံပစ်မတိုင်မီ ခုလို လွှတ်ပေးမှုဟာ ပူတင်အစိုးရရဲ့ လူ့အခွင့်အရေး စံချိန်တွေကို ဝေဖန်သူတွေအတွက် ဟန်ပြ ဖြစ်နိုင်တယ်လို့ အနောက် မီဒီယာတွေက သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ - ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ

လတ်တလော အချိန်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာ ၁၀ ယောက်လောက် ရှိခဲ့ပြီး ခိုဒိုကော့လ်စကီးကလည်း ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံစာ ရေးတင်ခဲ့တယ်လို့ ပူတင်က ပြောပါတယ်။
ထောင်ထဲမှာ ၁၀ နှစ် ကြာနေခဲ့ပြီး မိခင်ကလည်း နေမကောင်း ဖြစ်နေတယ်ဆိုတဲ့ အခြေအနေကို ရည်ညွှန်းခဲ့လို့ ခုလို ပြန်လွှတ်ဖို့ ဆုံးဖြတ်တာလို့လည်း ပူတင်က ဆက်ပြောပါတယ်။

ပူတင်ရဲ့ ဒီစကား အပြီးမှာတော့ ရုရှားရဲ့ စတော့ဈေးကွက်ဟာ ၁ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

ခိုဒိုကော့လ်စကီးရဲ့ ရှေ့နေနဲ့ မိခင်တို့ကတော့ အသနားခံစာ မတင်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ထောင်ဒဏ်ကလည်း ရှေ့နှစ် သြဂုတ်လဆိုရင် အချိန်စေ့တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အရင်က ထောင်ဒဏ်စေ့ရင် တခြားအမှုတွေနဲ့ ထောင်ဒဏ် သက်တမ်း တိုးခဲ့တာ ရှိပါတယ်။

ပူတင်ဟာ ရုရှားရဲ့အချမ်းသာဆုံးတွေထဲက တယောက်ဖြစ်တဲ့ ခိုဒိုကော့လ်စကီးကို နိုင်ငံရေး ခြိမ်းခြောက်သူအဖြစ် မသတ်မှတ်တော့တဲ့ အချိန်ရောက်မှ လွတ်လပ်ခွင့်ပေးလိမ့် မယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဆိုဗီယက်အင်ပါယာ ပျက်စီးချိန်မှာ စီးပွားရေးအင်ပါယာကြီးကို တည်ထောင်ခဲ့သူအပေါ် ခုလို ဆက်ဆံမှုဟာ ရုရှားရဲ့ ပိုင်ဆိုင်မှု အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး အားနည်ချက်တွေရဲ့ သက်သေလို့ ယူဆခဲ့ကြပါတယ်။
DVB Burmese