၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့၌ ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာ ဖြစ်စေနိုင်ကြောင်း NLD ရှင်းလင်း

ပို့စ်တင်ချိန် - 12/21/2013 02:52:00 PM


ဒီဇင်ဘာ ၁၅ ရက်က သာယာဝတီမြို့တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်၊ ရွေးကောက်ပွဲ မ၀င်ဟု အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာ အချို့တွင် ဖော်ပြချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်နှင့် လွဲမှားနေပြီး ထိပ်တိုက်တွေ့စရာများ ဖြစ်စေနိုင်ကြောင်း NLD ဗဟိုပြန်ကြားရေး ကော်မတီခေါင်းဆောင် မုံရွာအောင်ရှင်က The Daily Eleven သို့ ပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက် သာယာဝတီမြို့၌ ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့သဘောထား ရယူပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားချက်များမှ စကားများ ကောက်နုတ်၍ သတင်းများ ပြန်လည် ဖော်ပြရာတွင် လွဲမှားမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ရှင်းလင်း ပြောကြားခြင်း ဖြစ်သည်။
ထိုသို့ ဖော်ပြရာတွင် အွန်လိုင်းသတင်းဌာန တစ်ခုဖြစ်သော ဧရာဝတီ သတင်းဌာနက ''ဖွဲ့စည်းပုံမပြင်လျှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်'' ဟု လည်းကောင်း၊ ပြည်တွင်း သတင်းဂျာနယ် တစ်ခုဖြစ်သော စောင့်ကြည်သတင်း ဂျာနယ်မှလည်း ''၁၀၀ ရာခိုင်နှုန်း သေချာတယ် ၂၀၁၅ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သပိတ်မှောက်မယ်'' ဟု လည်းကောင်း သတင်းခေါင်းစဉ်များဖြင့် သတင်းရေးသား ဖော်ပြထားသည်။
ကျွန်မတို့ဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒကို ထောက်ထားပြီး ၀င်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီး ၀င်ရာမှာ မမျှတတဲ့ အခြေအနေမှာ စွန့်စားပြီးဝင်ရာမှာ ကျွန်မတို့မှာ သိက္ခာကျစရာ ဘာမှမရှိပါဘူး။ အထက်စီး ယူပြီးတော့ ၀င်တဲ့လူတွေ အတွက် သိက္ခာမရှိဘူးလို့ ကျွန်မဒီလိုပဲ ဆိုပါရစေ...

''ကျွန်မတို့ကတော့ တပ်မတော်ထဲမှာရော၊ တခြားအဖွဲ့အစည်းတွေ ထဲမှာရော၊ တခြားနိုင်ငံရေး ပါတီတွေမှာရော၊ ကိုယ်ရဲ့သိက္ခာကို ကိုယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာလည်း လူအမျိုးမျိုး ရှိတာပဲ။ တခြားပါတီ အဖွဲ့အစည်း တွေမှာလည်း လူအမျိုးမျိုး ရှိမှာပဲ။ ဒီတော့ ကိုယ့်သိက္ခာကို တကယ်တန်ဖိုးထားတဲ့ ပုဂ္ဂိုလ်များဟာ ၂၀၁၅ ကျလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ မ၀င်သင့်ဘူးလို့ ကျွန်မထင်ပါတယ်။ ကိုယ့်ဘက်ကို အလေးသာအောင် လုပ်ထားပြီးမှ ၀င်တယ်ဆိုတာ မသင့်တော်ဘူး။ ဥပမာ ဆိုပါတော့ ကျွန်မတို့ဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒကို ထောက်ထားပြီး ၀င်မယ်ဆိုရင် ကျွန်မတို့က စွန့်စားပြီး ၀င်ရာမှာ မမျှတတဲ့ အခြေအနေမှာ စွန့်စားပြီးဝင်ရာမှာ ကျွန်မတို့မှာ သိက္ခာကျစရာ ဘာမှမရှိပါဘူး။ အထက်စီး ယူပြီးတော့ ၀င်တဲ့လူတွေ အတွက် သိက္ခာမရှိဘူးလို့ ကျွန်မဒီလိုပဲ ဆိုပါရစေ။ ကျွန်မတို့ နိုင်ငံမှာ မှန်မှန်ကန်ကန် လုပ်ရဲတဲ့ သတ္တိရှိတဲ့သူတွေ အများကြီး လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
NLD ဗဟိုပြန်ကြားရေး ကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်က ''ဒါသေသေချာချာ ရှင်းရမယ့်ကိစ္စပဲ။ ဒါမကောင်းဘူးလေဗျာ။ ဒီလိုကာလမျိုးမှာ တစ်ယောက်နဲ့ တစ်ယောက် သံသယဖြစ်စရာ၊ ထိပ်တိုက်တွေ့စရာ မဖြစ်သင့်ဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ရှင်းတာပါ။ လုပ်တဲ့သူက တမင်ပဲလုပ်သလား။ ဒါမှမဟုတ် သူတို့အယူအဆ လွဲပြီးတော့ပဲ ထည့်သလား။ မပြောနိုင်ဘူး။ အဲဒါတော့ သူတို့ပဲသိမှာပဲ။ ကျွန်တော်တို့က လွဲရင်လွဲတာကိုတော့ ပြန်ရှင်းပြရမှာပဲ'' ဟု ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာဝင် ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့ကာ လွှတ်တော်တွင်း ဒုတိယအင်အား အကြီးဆုံး ပါတီအဖြစ် ရပ်တည်လျက်ရှိသည်။
eleven media group