အိန္ဒိယတွင် အမေရိကန်ကို ကန့်ကွက်ဆန္ဒပြ

ပို့စ်တင်ချိန် - 12/21/2013 01:45:00 AM


အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အိန္ဒိယသံရုံးရဲ့ ဒုတိယကောင်စစ်ဝန်ကို ပြုမူ ဆက်ဆံတာကို မကျေနပ်တဲ့အတွက် ကာလကတ္တား (Kolkata) မြို့က လူငယ်တွေဟာ ဒီဇင်ဘာ ၁၉ ရက်နေ့က အမေရိကန်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

နယူးဒေလီမြို့က အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့က လုံခြုံရေး အရန်အတားတွေကို ဖယ်ရှားပစ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ဒုတိယကောင်စစ်ဝန် ဒေ၀ီယာနီ ခိုဘရာဂိတ် (Devyani Khobragade) ဟာ သူ့ရဲ့ အိန္ဒိယအမျိုးသမီးအိမ်ဖော်ကို ပေးရမယ့်လစာထက် လျှော့ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့က အဖမ်းခံခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးတဲ့အချိန်နဲ့ စစ်ဆေးမေးမြန်းတဲ့အချိန်တွေမှာ ရာဇ၀တ်သားတယောက်လို ပြုမူ ဆက်ဆံခံခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံကတော့ ဘယ်သူ့ကိုမဆို စစ်ဆေးဖမ်းဆီးတဲ့ ပုံစံအတိုင်းပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေကိုလည်း ဒီအတိုင်းပဲ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေက သံတမန်ဂုဏ်သိက္ခာအရ အိန္ဒိယသံရုံးရဲ့ ဒုကောင်စစ်ဝန်ကို နှိမ့်ချ မဆက်ဆံသင့်ဘူးလို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆာလ်မန် ခါရှစ် (Salman Khurshid) က အမေရိကန်သံရုံးမှာ အလုပ်လုပ်နေတဲ့ အိန္ဒိယ၀န်ထမ်းတွေရဲ့ လုပ်ကိုင်နေရတဲ့ အခြအနေတွေကိုလည်း အလုပ်သမားဥပဒေနဲ့ ညီ၊ မညီ ပြန်စစ်ဆေးရမယ်လို့ ဆိုပါတယ်။

အမေရိကန်သံတမန်တွေကို ပေးထားတဲ့ အကောက်ခွန်လွတ် အရက်ပုလင်းနဲ့ စားသောက်ဖွယ်ရာတွေ သယ်ဆောင်ခွင့်ကိုလည်း ရပ်ထားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းက အဂ်ျမာ (Ajmer) မြို့မှာတော့ ဆန္ဒပြသူတွေဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုက်သင့်သလောက် အရေးယူ ဆောင်ရွက်ခြင်း မရှိဘူးဆိုပြီး သူ့ပုံတူအရုပ်ကို မီးရှို့ခဲ့ကြပါတယ်။

အိန္ဒိယသံရုံးရဲ့ ဒုတိယကောင်စစ်ဝန်ကိုတော့ အာမခံကြေး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲနဲ့ ပြန်လွှတ်ပေးထားပါတယ်။
DVB Burmese