Eleven Media Group ၏ နယ်သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် Myanmar Journalists Network မှ သဘောထားကြေညာချက် ထုတ်ပြန်

ပို့စ်တင်ချိန် - 12/21/2013 01:18:00 PM


Eleven Media Group ၏ နယ်သတင်းထောက်အား ထောင်ဒဏ်ချမှတ် ခဲ့ခြင်းအပေါ် Myanmar Journalists Network (မြန်မာ ဂျာနယ်လစ်ကွန်ရက်) မှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်က Myanmar Journalists Network ၏ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ပြီးနောက် ၎င်းတို့၏ တရားဝင် Facebook ပေါ်တွင် အချက် ငါးချက်ပါ သဘောထားကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစိုးရသစ် လက်ထက်တွင် ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏ သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ)မခိုင်အား သတင်းရယူမှုနှင့် ပတ်သက်၍ အိမ်ကျော်နင်းမှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးမှ ဒုမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ကြောင်း သိရသည်။
ယင်းအတွက် Myanmar Journalists Network မှ ထုတ်ပြန်သည့် သဘောထားများတွင် (၁) မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို ပြည်သူများနှင့် နိုင်ငံတကာမှ မေးခွန်းထုတ် နေချိန်တွင် Eleven Media Group မှ အမျိုးသမီး သတင်းထောက် တစ်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် ထောင်ဒဏ်သုံးလ စီရင်ချက် ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သဖြင့် မြန်မာဂျာနယ်လစ် ကွန်ရက်မှ ပြင်းထန်စွာ ကန့်ကွက်သည်။
(၂) ယခုဖြစ်စဉ်သည် သတင်းထောက်များ အခြေခံ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ သို့ဖြစ်၍ အဖြစ်အပျက်မှန်ကို သက်ဆိုင်ရာ အနေဖြင့် အမြန်ဆုံး ဖော်ထုတ်ပေးပြီး မှန်ကန်မျှတသည့် တရားစီရင်မှု ဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ အမြန်ဆုံး စုံစမ်းဆောင်ရွက်ပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်မှ တောင်းဆိုသည်။
(၃) သတင်းထောက် နော်ခိုင်ခိုင်အေး ချို (ခ) မခိုင် လွတ်မြောက်ရေးအတွက် မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့်လည်း ကြားဝင်ဆောင်ရွက်ပေးရန် မြန်မာဂျာနယ်လစ် ကွန်ရက်မှ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
(၄) မြန်မာဂျာနယ်လစ် ကွန်ရက်သည် သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ရည်ညွှန်း ဖွဲ့စည်းထားသော ကွန်ရက်ဖြစ်သည်နှင့်အညီ သတင်းထောက်မခိုင် လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခြင်း အပါအ၀င် တတ်စွမ်းသမျှ နည်းလမ်းများစွာဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေး အပ်ပါသည်။
(၅) မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ မဏ္ဍိုင်ကြီးများနှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာများနှင့် ပွတ်တိုက်မှုများ ဆက်လက်ဖြစ်ပေါ် နိုင်သဖြင့် ယခုဖြစ်ရပ်ကို သင်ခန်းစာယူပြီး နောင်အနာဂတ်တွင် အပြုသဘောဆောင်သော ရလဒ်များ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းသဘောထား ထုတ်ပြန်ချက်များကို တရားဝင်စာဖြင့် ပြည်ထောင်စု တရားသူကြီးချုပ်ရုံး၊ ရှေ့နေချုပ်ရုံးများသို့လည်း ပေးပို့သွားမည်ဖြစ်ပြီး ကယားပြည်နယ် အစိုးရ အဖွဲ့သို့ပါ ဆက်လက်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။
eleven media group