စီစီတီဗွီ ကင်မရာများ ကေအိုင်အိုရုံးအနီးတွင် တပ်ဆင်

ပို့စ်တင်ချိန် - 12/21/2013 12:15:00 AM


ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရုံးအနီးက ဓာတ်တိုင်တွေပေါ်မှာ အထူးရဲတပ်ဖွဲ့တွေက စီစီတီဗွီ ကင်မရာတွေကို ဒီဇင်ဘာ ၁၉ ရက်နေ့က တပ်ဆင်ခဲ့ပါတယ်။

ရှမ်းနီတိုင်းရင်းသားများ ကေအိုင်အို ရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ – ဧရာဝတီမြစ်ဖျားဆီက)

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးဆောင်ပြီး ကေအိုင်အေက ရှမ်းနီလူမျိုးတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှမ်းနီလူမျိုးတွေ ကေအိုင်အိုရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်နေတဲ့အတွက် ဒီလို လာတပ်ဆင်တာ ဖြစ်တဲ့အကြောင်း လာရောက် တပ်ဆင်တဲ့သူတွေက ပြောဆိုတယ်လို့ ကေအိုင်အေအဖွဲ့က ဗိုလ်ကြီး မုံကောင်းက ပြောပါတယ်။

စီစီတီဗွီ ၃ လုံးကို ရုံးအနီးက ဓာတ်တိုင်မှာ လာရောက်တပ်ဆင်တာ ဖြစ်ပြီး ကေအိုင်အိုရုံးဘက်ကို မလှည့်ထားဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ရုံးရှေ့မီးတိုင်မှာ စီစီတီဗွီ ကင်မရာ ၃ လုံး လာတပ်ပါတယ်။ လာတပ်တဲ့သူကို မေးကြည့်တော့ မနက်ဖြန်မှာ ရှမ်းတွေက ဆန္ဒပြတဲ့ အစီအစဉ်ရှိတဲ့အတွက်ကြောင့် အပေါ်က ညွှန်ကြားချက်အရ မီးတိုင်မှာ စီစီကင်မရာ လာတပ်တယ်လို့ ပြောပါတယ်။ ကျနော်တို့ ရုံးကို စောင့်ကြည့်ဖို့ တပ်တာမဟုတ်ဘူးတဲ့။ လမ်းလုံခြုံရေးအတွက် တပ်တာတဲ့။ ဆန္ဒပြမှုတွေ ဖြစ်ရင် သူတို့ ဘာတွေလုပ်တယ်ဆိုတာ စောင့်ကြည့်ဖို့ တပ်တာတဲ့၊ ဆန္ဒပြမှုတွေ ပြီးရင် လာရောက် ရုပ်သိမ်းမယ် ပြောတယ်။”

ဒီ တပ်ဆင်မှုဟာ ကေအိုင်အေရုံးကို ပစ်မှတ်ထားတာမဟုတ်တဲ့အကြောင်းနဲ့ ဆန္ဒပြပွဲပြီးသွားရင် လာရောက်ဖြုတ်သိမ်းမယ်လို့ သူက ပြောပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ကေအိုင်အိုက ဆက်ဆံရေးရုံးကို မြစ်ကြီးနားမှာ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
DVB Burmese