ငြိမ်းချမ်းရေး ကားတင်သွင်းခွင့်ပါမစ်ကိစ္စ ကေအန်ယူရှင်းလင်း

ပို့စ်တင်ချိန် - 12/21/2013 01:00:00 AM


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ မီဒီယာတွေရေးသားသလို ထောင် နဲ့ချီတဲ့ ကားတင်သွင်းခွင့်ပါမစ် မရခဲ့ကြောင်း ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

z2အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကြောင့် အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ ၁၄ ဖွဲ့ကို ခွင့်ပြုပေးခဲ့တဲ့ ကားအရေအတွက်ဟာ အလဲဗင်းမီဒီယာက ရေးသလို ထောင်နဲ့ချီ မရှိပဲ စုစုပေါင်း ၈၇၀ ပဲ ရှိတယ်လို့ ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန် ဘစ္စနက်အလိုင်းယင့် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့အတွက် အခွန် လုံးဝကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကား ၂၉၀ နဲ့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ပြီး သွင်းရမယ့် ကား ၅၈၀ ပဲ ရှိတယ်လို့ သူက ပြောပါတယ်။

ကေအန်ယူအနေနဲ့ လုံးဝ အခွန်ကင်းလွတ်ခွင့်နဲ့ ကားအစီး ၄၀ နဲ့ အခွန် ၆၀ ရာခိုင်နှုန်း ပေးရမယ့် ကားအစီး ၈၀ သွင်းခွင့်ရခဲ့ကြောင်း သူက ရှင်းပြပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ အစိုးရဆီက ထောင်ချီတဲ့ ကားတင်သွင်းခွင့်ပါမစ်တွေ ရနေတယ်ဆိုပြီး မီဒီယာတချို့မှာ ရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး ကေအန်ယူက တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့ပြီး တုံ့ပြန်ပြောဆိုမှုတွေ ရှိသလို ဒီဗွီဘီကနေ ဆက်သွယ်မေးမြန်းရာမှာလည်း အစိုးရနဲ့ အပစ်အခတ်ရပ် ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား အဖွဲ့ ၁၄ ဖွဲ့စလုံး ကားတင်သွင်းခွင့်ပါမစ် ၈၀၀ ကျော်သာ ရရှိတယ်လို့ ပြောပါတယ်။

“အဖွဲ့ ၁၄ ဖွဲ့မှာမှ ကားက အစီးပေါင်း ၈၀၀ ကျော်ပဲ ရှိပါတယ်။ ၈၀၀ ကျော်ဆိုတာက အခွန်ကင်းလွတ်ခွင့်ရတာက ၂၉၀ ရှိတယ်။ ကျန်တဲ့ ဟာက ၅၀၀ ပဲရှိတယ်။ အကုန်လုံးမှ အဲဒီလောက်ပဲပေးတာ ၁၀၀၀ မကျော်ပါဘူး။ စာနယ်ဇင်းတွေ၊ မီဒီယာတွေပြောတာကို ကျနော်ပြောချင်တာကတော့ တိုင်းရင်းသားတွေရဲ့ အခက်အခဲနဲ့ နိုင်ငံတော် အစိုးရရဲ့ စေတနာကို သေချာမသုံးသပ်ဘဲ သူတို့ ပြောခဲ့တာပေါ့။ နိုင်ငံတော်အစိုးရလည်း ထိခိုက်တယ်။ တိုင်းရင်းသားတွေလည်း မကောင်းဘူးပေါ့။ အဲဒါကို အဓိက ပြောချင်တာပဲ။”

ကေအန်ယူအနေနဲ့ အခွန်ကင်းလွတ်ခွင့်ရတဲ့ ကားပါမစ်က အစီး ၄၀ ရှိပြီး အခွန် ၆၀ ရာခိုင်နှုန်း တင်သွင်းရတာက အစီးရေ ၈၀ ရရှိထားတယ်လို့ ဆိုပါတယ်။

ဒီကားတွေကို မိမိတို့ ခရိုင်တွေကို ၁ ခရိုင် ၂ စီးနှုန်းနဲ့ အသုံးပြုသလို ကျန်တဲ့အစီးရေတွေကို ဗဟိုမှာ သုံးစွဲနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တချို့အဖွဲ့စည်းတွေက သူတို့ အဖွဲ့အစည်း လည်ပတ်နိုင်ဖို့အတွက် ရရှိလာတဲ့ ကားပါမစ်တွေကို ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ ပြောပါတယ်။
“ကားသွင်းတာက တချို့အဖွဲ့အစည်းတွေက သူတို့လည်ပတ်နိုင်ဖို့အတွက် နည်းနည်းပါးပါး သူတို့အဖွဲ့အစည်းအတွက် ကျန်တဲ့ကားတွေကို ရောင်းချတယ်။ နောက် သူတို့အဖွဲ့အစည်း လည်ပတ်ဖို့ အခက်အခဲတွေ ဖြေရှင်းဖို့အတွက် ဖြစ်တယ်။ တကယ့်ကို စီးပွားရေးအမြင်နဲ့ အကျိုးအမြတ်ယူပြီး ရောင်းတာဝယ်တာ မဟုတ်ပါဘူး။ သူတို့ဖော်ပြသလို့ သူတို့ စွပ်စွဲသလိုလည်း မဟုတ်ပါဘူး။”

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ဟာ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ၊ အက်စ်အက်စ်အေ)၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (အန်အက်စ်စီအန်- ကေ)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ‘၀’ သွေးစည်း ညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (အန်ဒီအေအေ)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တို့ ဖြစ်ပါတယ်။
DVB Burmese