ဝတ်လစ်စလစ် ဆံသဆိုင်

ပို့စ်တင်ချိန် - 12/03/2013 08:57:00 AM



အမေရိကန်က အမျိုးသမီးတယောက် ဆံသဆိုင်မှာ အ၀တ်ဗလာနဲ့ ၀န်ဆောင်မှုပေးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုဖြစ်နေပါပြီ။

ကော်လိုရာဒိုပြည်နယ် မြောက်ပိုင်းကပါ တဲ့။
ရဲတပ်ဖွဲ့အဆိုအရ အမှုဖြစ်ရခြင်းဟာ ဆံပင်ညပ်ရာမှာ အ၀တ်ဗလာချွတ်ထားလို့ မဟုတ်ဘူး။ လိုင်စင်မရှိဘဲ ဆံပင်ညပ်လို့ပါ တဲ့။

အမှုဖြစ်နေတာက အသက် ၄၆ နှစ်အရွယ် Suzette Hall ဆိုတဲ့ အမျိုးသမီးပါ။
လိုင်စင်မရှိဘဲ ဆံပင်ညပ်တယ်ဆိုတဲ့ သံသယနဲ့ ယခင်တပတ်ဗုဒ္ဓဟူးနေ့မှာ အဖမ်းခံရတယ်လို့ဆိုပါတယ်။

အ၀တ်မဲ့ ဆံပင်ညှပ်ရင် ၄၅ ဒေါ်လာ ကျမယ် ဆိုပြီး အွန်လိုင်းမှာ ကြော်ငြာဖူးတယ် တဲ့။
ဒီအချက်ကတော့ သူ့ရဲ့ ခင်ပွန်းဟောင်း ဆိုသူကို ကိုးကားပြီး သတင်းတွေမှာ ရေးထားကြတာပါ။
ဆံပင်ညှပ်သူက ချွတ်မှာလား၊ ဆိုင်ရှင်က ချွတ်မှာလား ဆိုတာတော့ သတင်းတွေထဲ ရေးမထားပါ။

ဒီလို ဝန်ဆောင်မှုပေးတာဟာ (ကျန်းမာရေးအတွက်) စိတ်မချရ မသင့်တော်တဲ့အတွက်ကြောင့် ဆိုပြီး ဖမ်းဝရမ်းမှာ ဖော်ပြထားပါတယ် တဲ့။

သူက nude license for hairstylists ဆိုပြီး လိုင်စင် လျှောက်ခဲ့ဖူးသေးတယ်လို့ သတင်းများက ဆိုပါတယ်။ ဆံပင်အလှဆင်သူများ ဝတ်လစ်စလစ်လိုင်စင်လို့ ဆိုရမယ်။ သို့သော်လည်း ဒီလိုင်စင်ထုတ်ပေးဖို့ ပြဋ္ဌာန်းမထားပါ တဲ့။

ဒီသတင်းကို နိုင်ငံအများအပြားက ၀က်ဆိုက်တွေမှာ တင်ထားကြပါတယ်။ ကနေဒါက ဆိုက်တခုမှာလည်း တင်ပါတယ်။ လိပ်စာက http://www.cbc.ca/news/topless-colorado-barber-charged-with-cosmetology-without-a-licence-1.2445845
စာဖတ်သူတွေရဲ့ မှတ်ချက် တရာကျော်ကို သတင်းအောက်မှာ တွေ့ရပါတယ်။ သြချသူ၊ ကန့်ကွက်သူ၊ မကန့်ကွက်သူ စသဖြင့် မှတ်ချက်အစုံအလင်ပါပဲ။

လုပ်ငန်းရှင်တချို့က ဝတ်လစ်စလစ်အိုင်ဒီယာ ပေါ်လာတတ်တာဟာ လုပ်ငန်း အောင်မြင်ကြီးထွားရေးအတွက် ရည်ရွယ်ပုံရပါတယ်။
(ဝတ်လစ်စလစ် ဆိုတာ ရှက်စရာကောင်းလို့ ထင်ပါရဲ့ အဲဒီစကားလုံးကို သတ်ပုံကျမ်းမှာ ရှာမတွေ့ဘူး။ ရမ်းရေးလိုက်တာ စာလုံးပေါင်းမှန်ကောင်းပါရဲ့)

အဝတ်မဲ့ဆံသဆိုင် ဆိုတာကို အခုမှ သတင်းတွေမှာ ရေးကြပေမယ့် အဝတ်မဲ့ဆူရှီ ဆိုတာကိုတော့ အနောက်နိုင်ငံတချို့မှာ ဖွင့်နေကြပါပြီ။ အဲဒီဆိုင်တွေက ပထမတော့ သာမန်စားသောက်ဆိုင်တွေပဲ ဖြစ်ပါလိမ့်မယ်။ အရောင်းတက်ဖို့ စိတ်ကူးနယ်ချဲ့ရာက အ၀တ်မဲ့ဆူရှီ ပေါ်လာတာလို့ ယူဆရပါတယ် - တခြားတော့ မဟုတ်ပါ - ၀တ်လစ်စလစ်နီးပါး ၀တ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် ပက်လက် အိပ်မယ်၊ ခန္ဓာကိုယ်ပေါ်မှာ ဆူရှီတွေ (ဂျပန် ထမင်း၊ ရေညှိ နဲ့ ငါး စသဖြင့်) တင်တယ်၊ စားလိုသူက ယူစားရုံပါပဲ။ လူကိုတော့ လက်နဲ့မထိနဲ့ ဆိုပါစို့။ ထိရင်တော့ အမှုဖြစ်နိုင်ဖွယ် ရှိပါတယ်။

ငှက်ပျောရွက်တို့ ပလပ်စတစ်တို့ ခင်းထားတယ် ဆိုတော့ စိတ်သန့်သန့်နဲ့ စားသုံးနိုင်ပါသည် ဆိုပါစို့။

ဝတ်လစ်စလစ် ဆိုတာ လူအုံတတ်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဝတ်လစ်စလစ်ကို စီးပွားရေးသမား လုပ်ငန်းရှင်တို့က ဈေးကွက်သဘောအတွက် စိတ်ဝင်စားကြဟန်တူပါတယ်။


ဧရာဝတီ Myanmar News