OIC အလိုမရှိကြောင်း ဆန္ဒပြသူတချို့ကို အမှုဖွင့်ခံရ

ပို့စ်တင်ချိန် - 12/03/2013 10:54:00 AM


အစ္စလာမ်မစ် ​နိုင်ငံများ ​ပူးပေါင်းဆောင်ရွက်ရေး ​အဖွဲ့ ​OIC ​ရဲ့ ​မြန်မာနိုင်ငံခရီးစဉ်အပေါ် ​ကန့်ကွက်ဆန္ဒပြခဲ့သူအချို့ကို ​သူတစ်ပါး ​ကိုးကွယ်တဲ့ ​ဘာသာ၊ ​သာသာနာ ​စော်ကားမှုနဲ့ ​အမှုဖွင့် ​ထားတယ်လို့ ​ပြန်ကြားရေးဝန်ကြီး ​ဌာနက ​ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ​နိုဝင်ဘာလ ​၁၅ ​ရက်နေ့တုန်းက ​ရန်ကုန်မြို့၊ ​ဗဟန်းမြို့နယ်အတွင်းမှာ ​OIC ​အဖွဲ့ ​ရဲ့ ​ခရီးစဉ်အပေါ် ​သံဃာတော်တွေနဲ့ ​ရာနဲ့ချီတဲ့ ​လူတွေဟာ ​ကန့်ကွက်ဆန္ဒပြမှု ​တစ်ခု ​ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆန္ဒပြမှုမှာ ​တစ်ခြား ​ဘာသာအပေါ် ​စော်ကားတဲ့ ​ဆိုင်းဘုတ် ​ကိုင်ဆောင်ဆန္ဒပြခဲ့တဲ့အတွက် ​ဆန္ဒပြခေါင်းဆောင်တွေကို ​ရာဇသတ်ကြီး ​ပုဒ်မ ​၂၉၅ ​နဲ့အမှုဖွင့်ထားတာပါ။ ​လွတ်လပ်စွာ ​ဆန္ဒ ​ထုတ်ဖော်ခွင့်ရှိပေမယ့် ​အခြား ​ဘာသာတစ်ခုကို ​စော်ကားရာရောက်နေတဲ့အတွက် ​အမှုဖွင့် ​အရေးယူ ​တာဖြစ်တဲ့အကြောင်း ​နိုင်ငံတော်သမ္မတရဲ့ ​ပြောရေးဆိုခွင့်ရှိသူ ​ပြန်ကြားရေးဝန်ကြီးဌာန ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​အခုလို ​ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ​လွတ်လပ်စွာ ​ဆန္ဒထုတ်ဖော်ခွင့်ဆိုတာကို ​ကျွန်တော်တို့ ​လေးစားပါတယ်။ ​ဒါပေမယ့်လည်း ​တစ်ဖက်ကလည်း ​တစ်ခြား ​လူမျိုးဘာသာကို ​ကျွန်တော်တို့ ​မထိပုတ်ခတ်စော်ကားတာမျိုး ​ထိခိုက်နစ်နာအောင် ​မလုပ်ရဘူးဆိုတဲ့ ​ဥပဒေလည်း ​ရှိပါတယ်။ ​နိုဝင်ဘာ ​၁၅ ​ရက်နေ့က ​OIC ​ကို ​ဆန္ဒပြတုန်းက ​ဆိုရင် ​ကြေညာစာသားတစ်ခုက ​အခြား ​လူများ ​ကိုးကွယ်တဲ့ ​ဘာသာကို ​စော်ကားရာရောက်တဲ့ ​အသုံးအနှုန်းတွေပါတဲ့အတွက် ​ကြောင့်မို့လို့ ​ရာဇသတ်ကြီး ​ဥပဒေမှာအခြား ​သူများ ​ကိုးကွယ်တဲ့ဘာသာ ​တွေကို ​စော်ကားတဲ့ကိစ္စတွေ ​မလုပ်ရဘူးဆိုတဲ့ ​တားမြစ်ချက်တစ်ခုပါတယ်။ ​အဲတော့ ​အဲဒီပုဒ်မအရ ​အရေးယူနိုင်ဖို့အတွက် ​အမှုဖွင့် ​အရေးယူထားတာဖြစ်ပါတယ်။ ​အစိုးရအနေနဲ့ကတော့ ​ဆန္ဒထုတ်ဖော်ထုတ်လို့ရတယ်။ ​သို့သော် ​စော်ကားတဲ့ ​ဟာမျိုး၊ ​ခွဲခြား ​ဆက်ဆံတဲ့ ​ဟာမျိုး ​အကြမ်းဖက်တဲ့ဟာမျိုး ​ကျွန်တော်တို့လက်မခံပါဘူး။”

ဆက်လက်ပြီး ​အစိုးရအနေနဲ့ ​လူမျိုးရေး ​၊ ​ဘာသာရေး ​နဲ့ ​ဆက်နွယ်ပြီး ​အကြမ်းဖက်မှုတွေ ​ထပ်မဖြစ်လာအောင် ​အရင်ဖြစ်ပွားခဲ့တဲ့ ​ကိစ္စတွေမှာ ​ကျူးလွန်ခဲ့သူတွေကို ​တရားဥပဒေအရ ​အရေးယူဆောင်ရွက်နိုင်အောင် ​ဦးစားပေးလုပ်ဆောင်နေတယ်လို့ ​ဆိုပါတယ်။

အခုလို ​အစိုးရဘက်က ​တရားစွဲဆိုမှာနဲ့ ​ပါက်သက်ပြီး ​OIC ​ကို ​ကန့်ကွက်ဆန္ဒပြမှုတွေမှာ ​ဦးဆောင် ​ဆန္ဒပြခဲ့တဲ့ ​တစ်ဦး ​ဖြစ်တဲ့ ​မကွေးကျောင်းတိုက်ဆရာတော် ​အရှင်ပါမောက္ခက ​အခုလိုမိန့်ပါတယ်။

“ဘုန်းကြီးတို့ ​အဲကိစ္စနဲ့ ​ပါက်သက်ပြီးတော့ ​အဲဒီအထဲမှာ ​၁၅ ​ရက်နေ့တုန်းက ​ပါသွားတဲ့ ​သားဖေါက်နှုန်းမြန် ​အစ္စလာမ် ​မိစ္ဆာ ​ဝါဒ ​ဆန့်ကျင်ကြဆိုတဲ့ ​ဗီနိုင်းတစ်ခု ​ပါသွားတယ်ပေါ့နော်။ ​အဲဒီ ​ဗီနိုင်းအပေါ်မှာ ​ဘုန်းကြီးတို့က ​ဒီ့အပြင်က ​၄ ​ခုလည်း ​ထိမ်းသိန်းပြီး ​တော့ ​ဖျတ်ဆီးပစ်လိုက်တယ်။ ​အဲဒီတစ်ခုက ​ဘယ်က ​ပါလာမှန်းမသိလိုက်ဘူးပေါ့နော်။ ​အဲဒီအပေါ်မှာ ​တရားစွဲမယ်ဆိုတဲ့ ​သဘောမျိုးကို ​မြန်မာနိုင်ငံမှာ ​မည်သည့်ဘာသာမှ ​ထွန်းကားမှု ​မရှိဘူးဆိုတဲ့ ​စကားတစ်လုံးဟာ ​အစ္စလာမ် ​ဘာသာဝင်ပြော ​သွားတာလေ။ ​ဘုန်းကြီးတို့ကလည်း ​ဘာသာရေး ​အရ ​၂၉၅ ​နဲ့ ​ပြန်တရားစွဲမှာပေါ့”

ဗဟန်းမြို့နယ် ​ရဲစခန်းက ​အမှုဖွင့် ​အရေးယူထားတယ်လို့ ​သိရပေမယ့် ​အခုချိန်ထိတော့ ​ဆင့်ခေါ်စာတွေ ​ရောက်ရှိမလာသေးဘူးလို့လည်း ​မိန့်ဆိုခဲ့ပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​အဲဒီဆန္ဒပြမှုဟာ ​ခွင့်ပြုမိန့်ကြိုတင်တောင်းခံထားတာ ​မရှိဘဲ ​ဆန္ဒပြခဲ့တာ ​ဖြစ်တဲ့အတွက် ​ပုဒ်မ ​၁၈ ​နဲ့လည်း ​ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ​ဆန္ဒပြခဲ့သူတွေက ​ပြောဆိုခဲ့ပါတယ်။

ဒီသတင်းကို ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှကနေ ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Australia