လေးပွင့်ဆိုင်တွေ့ဆုံမှုအတွက် သမ္မတနှင့် ကာချုပ်တို့၏ သဘောထားတုံ့ပြန်မှုသည် တွေ့ဆုံမှုကို မလိုလားခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 12/03/2013 10:25:00 AM


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံမှုအပေါ် သမ္မတဦးသိန်းစိန် နှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ သဘောထားတုံ့ပြန်မှုသည် တွေ့ဆုံမှုကို မလိုလားခြင်းကြောင့်သာ ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၉ ရက်က သြစတြေးလျအခြေစိုက် ABC ရုပ်သံ၏ မြန်မာပိုင်းအစီအစဉ်တွင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်၏မေတ္တာရပ်ခံမှုနှင့်ပတ်သက်၍ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့၏ တုံ့ပြန်မှုအပေါ် မည်သို့သဘောထားပါသလဲဟု မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က သီးသန့်အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းတွင် ယင်းသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
““တွေ့ဆုံမှုကို မလိုလားလို့ဘဲလို့ ဒီလိုပဲ ကျွန်မက ပြတ်ပြတ်သားသား ပြောရမှာပါပဲ။ ဘာလို့လဲဆိုတော့ လိုလားတယ်ဆိုလို့ရှိရင် ဒီလိုမျိုး မတွေ့ဆုံစရာ ဘာအကြောင်းမှမရှိပါဘူး””ဟု ၎င်းက ပြောသည်။ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးလိုကြောင်း မေတ္တာရပ်ခံစာအပေါ် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက် အရေးကြီးသည့်ကိစ္စဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တစ်ခုတည်းသာမက တရားဝင်မှတ်ပုံတင်ထားသည့် ၅၈ ပါတီလုံးနှင့် သက်ဆိုင်သည့်ကိစ္စ ဖြစ်သည့်အတွက် အားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စဟု ယုံကြည်ကြောင်းဖြင့် ပြန်လည်တုံ့ပြန်ထားသည်။ အားလုံးပါဝင်သည့် ဆွေးနွေးမှုမျိုးကိုပင်လျှင် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ အစီရင်ခံစာထွက်ရှိလာမည့်အချိန်ထိ စောင့်ဆိုင်းပြီးမှသာ စဉ်းစားသင့်ကြောင်းလည်း ၎င်းတို့နှစ်ဦးက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်လျက်ရှိပြီး ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ အစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်း၊ မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ HIV/AIDS ညီလာခံသို့ တက်ရောက်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

သြစတြေးလျခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများမှာ ပြည့်စုံအောင်မြင်ခြင်းမရှိသေးဘဲ မြန်မာတပ်မတော်သည်လည်း လွှတ်တော်တွင် အခိုင်အမာ နေရာယူထားပြီး ကာကွယ်ရေးဦးစီးချုပ်က အမတ်လေးပုံတစ်ပုံကို အုပ်ချုပ်နေခြင်းကြောင့် အခြေခံဥပဒေကို ပြင်ဆင်ရန် မလွယ်ကူကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်သဘောတူမှုက အရေးကြီးကြောင်း ပြောကြားထားသည်။

7 Day Daily