ကမ္ဘာ့ရေပန်းအစားဆုံး အပျော်စီးသဘောင်္ဖြင့်လည်ပတ်ချင်စရာခရီးစဉ်တွင် မြန်မာနိုင်ငံ ပထမဆုံးအကြိမ်ပါဝင်လာ

ပို့စ်တင်ချိန် - 12/31/2013 03:36:00 PM


ကမ္ဘာကျော် မီဒီယာကြီးတစ်ခုဖြစ်သော Telegraph က ရေးသားသော ၂၀၁၄ ခုနှစ်အတွက် ရေပန်းအစားဆုံး အပျော်စီးသင်္ဘောဖြင့် လည်ပတ်ချင်စရာ နေရာစာရင်းတွင် မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ် ပါဝင်လာခဲ့ပြီဖြစ်ကြောင်း ၂၈-၁၂-၂၀၁၃ ရက်က သိရသည်။ အဆိုပါစာရင်းကို နှစ်စဉ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ရေးသားလေ့ရှိကြောင်း သိရကာ Telegraph ၏ ပရိသတ်များထံမှ စစ်တမ်းကောက်ယူမှုအရ ယင်းကဲ့သို့ ဖော်ပြနိုင်ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှာ ကမ္ဘာကျော် ဒေသများဖြစ်သော ဂျာမနီ၊ ဂလက်စကို၊ ဗီယက်နမ်၊ ပနားမားတူးမြောင်း၊ ဆိုက်ဘေးရီးယား၊ နယူးယောက်၊ အိန္ဒိယတို့နှင့် တန်းတူပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Telegraph ၏ ဖော်ပြမှုတွင် အာရှဒေသမှ မြန်မာနှင့် အိန္ဒိယသာ ပါဝင်လာခဲ့ပြီး အရှေ့တောင်အာရှတွင် နာမည်ကြီးဖြစ်သော ဖူးခက်၊ ပိုလာဘာလီကျွန်း၊ ဗီယက်နမ် ဟာလောင်း အစရှိသော ဒေသများကို ကျော်လွန်ကာ မြန်မာနိုင်ငံက သတ်မှတ်ဖော်ပြခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဖော်ပြချက်တွင် ယခုနှစ် ၂၀၁၄ အတွက် သင်္ဘောစီး လည်ပတ်စရာ ခရီးစဉ်တွင် မြန်မာနိုင်ငံမှာ ရေပန်းစားနေပြီး ကမ္ဘာကျော် သင်္ဘောလိုင်းကြီးများက ခရီးစဉ် ထည့်သွင်းရောင်းချမှုများ ပြုလုပ်ရာ၌ လူကြိုက်များပြီး စိတ်ဝင်စားခြင်းခံရသော ခရီးစဉ်တစ်ခု ဖြစ်နေပြီဟုဆိုသည်။

 မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်ကဲ့သို့သော အစဉ်အလာကြီးမားသည့် မြစ်ကြီးများအပြင် ကမ်းရိုးတန်း မိုင်ရှည်လျားမှုနှင့် လှပသည့် ကျွန်းစုများစွာ ရှိနေခြင်းတို့က ခရီးသွားများကို ဆွဲဆောင်မှုများ ဖြစ်လာစေခဲ့သည်ဟု သိရသည်။ မြန်မာခရီးစဉ်အတွက် Luftner Cruise, Coroisi Europe, Wendy Wu, Ama Waterways အစရှိသည်တို့က ကြိုတင်လက်မှတ်များ ရောင်းချနေကြပြီး ယခုနှစ် ဒီဇင်ဘာလအတွင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော သုံးစင်းမှာလည်း တစ်လအတွင်း အများဆုံး စံချိန်အဖြစ် သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
By ခေတ်လူငယ်
khit lu nge