(ဗ.က.သ) များ အဖွဲ့ချုပ်မှ ပထမအကြိမ် မျက်ကြည်လွှာလှူဒါန်းခြင်း ပြုလုပ်

ပို့စ်တင်ချိန် - 12/31/2013 07:38:00 PM


ရန်ကုန်၊ ဒီဇင်ဘာ ၃၁။

(ဗ.က.သ)များအဖွဲ့ချုပ်မှ မျက်ကြည်လွှာလှူဒါန်းခြင်း အခမ်းအနား ကို ယမန် နေ့လည်(၁း၀၀)နာရီက မျက်စိအထူးကုဆေးရုံကြီး(ရန်ကုန်)၊ အမျိုးသားမျက်စိဘဏ်ဌာနတွင် ပြုလုပ်ခဲ့ကြသည်

အဆိုပါမျက်ကြည်လွှာလှူဒါန်းပွဲကို ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂ(ဗ.က.သ)များ အဖွဲ့ချုပ်ကျောင်းသား၊ ကျောင်းသူများမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂတွင် ပါဝင်သော ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ သန်လျင်မြို့နယ် ကျောင်းသားများသမဂ္ဂ၊ နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(သန်လျင်)နှင့် အခြေခံပညာ ကျောင်းသားများသမဂ္ဂ(ရန်ကုန်တောင်ပိုင်းခရိုင်)တို့မှ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း(၂၄)ဦး ပါဝင်လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။

မျက်ကြည်လွှာလှူဒါန်းရခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့တဲ့ အချိန်မှာ သက်ရှိထင်ရှား ကျန်ရစ်မယ့် မျက်စိအလင်းမရသူတွေ မျက်စိအလင်းရရှိစေဖို့ ဒီဇီဝိတဒါန အလှူကို လုပ်ရတာပါ” ဟု (ဗ.က.သ)များအဖွဲ့ ချုပ်ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောကြားသည်။

မျက်ကြည်လွှာလှူဒါန်းရခြင်းနှင့် ပတ်သက်၍ အကျိုးကျေးဇူးများ၊ ဆောင်ရန်၊ရှောင် ရန်စည်းကမ်းချက်များနှင့် မျက်စိအထူးဂရုစိုက်ပုံ အဆင့်ဆင့်ကို မျက်စိအထူးကု ဆရာဝန် ကြီး ဒေါက်တာညွန့်အောင်နှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင် ဆရာမဒေါ်နော်ဖြူဖြူတို့က ရှင်းလင်းပြောကြားခဲ့သည်။
The Myanma Age