မန္တလေးမြို့ပေါ် ဟိုတယ်များ ကြယ်ပွင့် သတ်မှတ်ချက်အလိုက် မိုင်းရှာစက် တပ်ဆင်ရန် ကြပ်မတ်မည်

ပို့စ်တင်ချိန် - 12/31/2013 08:30:00 AM


မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ပေါ် ဟိုတယ်များကို ကြယ်အဆင့် သတ်မှတ်ချက် အလိုက် အလိုအလျောက် မိုင်းရှာစက် တပ်ဆင်ရန် လက်ရှိ ဒီဇင်ဘာလမှ စတင်၍ ကြီးကြပ် စစ်ဆေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
အလိုအလျောက် မိုင်းရှာစက် တပ်ဆင်ခြင်းကို ဟိုတယ်များ တစ်ပြေးညီ တပ်ဆင်ထား ရှိရန် ရည်ရွယ်၍ ကြယ်အဆင့်အလိုက် တစ်လချင်း ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။ မန္တလေးမြို့ပေါ် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်ရှစ်လုံးတွင် အဆိုပါ စက်များကို ယခုနှစ် ဒီဇင်ဘာလကုန်အပြီး တပ်ဆင်ရန် ညွှန်ကြားထားပြီး ကြယ်နှစ်ပွင့် အဆင့်ရှိ ဟိုတယ် ၂၅ လုံးကို ဇန်နဝါရီလအပြီး တပ်ဆင်ရန် ညွှန်ကြားထားကြောင်း၊ ကျန်ဟိုတယ်များကို တစ်လချင်း တပ်ဆင်နိုင်ရန် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။
“ဟိုတယ်တွေ မိုင်းရှာစက်တွေကို ဘယ်ကုမ္ပဏီထုတ် ပစ္စည်းဖြစ်ဖြစ် တပ်ဆင် အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။ တပ်ပြီးသွားရင် သွားစစ်ဆေးမယ်။ မတပ်ရသေးတဲ့ ဟိုတယ်တွေကို အရေးယူ ဆောင်ရွက်တာမျိုတော့ မလုပ်ပါဘူး။ သူတို့တွေကို တစ်ပြေးညီတည်း ဖြစ်အောင်လို့ ညှိနှိုင်း ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆိုသည်။
မန္တလေးမြို့တော်တွင် စက်တင်ဘာလအထိ ဟိုတယ်အလုံးရေ ၉၉ လုံးရှိပြီး ဟိုတယ် အခန်းပေါင်း ၄၁၉၄ ခန်း ရှိကြောင်း၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ်မှာ ရှစ်လုံးရှိပြီး ကြယ်နှစ်ပွင့်အဆင့် ဟိုတယ်မှာ ၂၅ လုံး ရှိကြောင်း အဆိုပါ ဌာနမှ မှတ်တမ်းများအရ သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ်အသစ် လျှောက်ထားရာ၌ ဟိုတယ်များ၌ လုံခြုံရေး ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိပါက ဟိုတယ်လိုင်စင် ချထားပေးမည် မဟုတ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူက ပြောကြားသည်။

The Voice Weekly Myanmar