မလေးရှားမှာ မြန်မာ အမျိုးသမီး ၂ ဦး အသတ်ခံရ

ပို့စ်တင်ချိန် - 12/31/2013 03:14:00 PM

 အသတ်ခံရသူ မြန်မာအမျိုးသမီး ၂ ဦးရဲ့ ဓာတ်ပုံ- The Star Online 

မလေးရှားနိုင်ငံမှာ မြန်မာအမျိုးသမီး ၂ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပြန်ပါပြီ။ Jalan Baru နယ် Kampung Setol အရပ်က ရထားလမ်းဘေးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတယ်လို့ ဒီကနေ့ ထုတ် မလေးရှား အခြေစိုက် The Star Online သတင်းတပုဒ်က ဖော်ပြထားပါတယ်။

အသက် ၂၁ နှစ်ရှိ မဋ္ဌေးဋ္ဌေးသန်းကို အသက် ၄၁ နှစ်ရှိ မသန်း ဆိုသည့် အမျိုးသမီးနဲ့အတူ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

မလေးရှား စီအိုင်ဒီ အကြီးအကဲ ရဲ့လက်ထောက် ဖြစ်သူ Mazlan Kesah က ပြောတာမှာတော့ မနေ့ည သန်းခေါင်လောက် က အခင်းဖြစ်ရာ အနီးဖြတ်သွားသူတဦးက အော်သံကြားပြီးနောက် ဒီ မြန်မာအမျိုးသမီး ၂ ဦးရဲ့ အလောင်းတွေကို တွေ့ခဲ့ တာလို့ ဆိုပါတယ်။

“သူတို့ ၂ ဦးလုံးက ပွဲချင်းပြီး သေဆုံးခဲ့တာပါ” လို့ မလေးရှား စီအိုင်ဒီအရာရှိ မာဇလန်က ပြေပါတယ်။

တန်ဘိုးရှိပစ္စည်းတွေလည်း ယူသွားတာ မရှိတော့ လုယက်မှုလို့ ပြောရမှာလည်း သူ့အနေနဲ့ မပြောလိုသေး ပုံပါ။ သူက ပြေတာမှာတော့ အခု သေဆုံးသွားခဲ့သူ မြန်မာအမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားတွေဖြစ် ပြီး အလုပ် လက်မဲ့ ဖြစ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ လမ်းလျှောက်လာရင်း အခုလို တိုက်ခိုက်ခံလိုက်ရတာဖြစ်မယ်လို့လည်း သူကဆိုပါတယ်။

“မြန်မာ အမျိုးသား ၂ ဦးကိုတော့ အခင်းဖြစ်ပွားရာနေရာအနီး ဘတ်စ်ကား ဂိတ်တခုမှာ အခင်းဖြစ်ပြီး နာရီဝက်မှာ ဖမ်းမိ ထားတယ်” လို့ သူက ဆက်ပြောထားပါတယ်။

အသက် ၃ဝ ဝန်းကျင်ရှိတဲ့ အဲဒီ သံသယဖြစ်ခြင်းခံရသူ မြန်မာအမျိုးသား ၂ ဦးကိုတော့ မျက်မြင်သက်တဦး ရဲ့ အကူအညီနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီး ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သံသယဖြစ်သူ မြန်မာအမျိုးသား ၂ ဦးကိုတော့ စစ်ဆေးမှုတွေ လုပ်နေပြီး အမှုမှန်ပေါ်ပေါက်ရင်တော့ သူတို့ဟာ လူသတ်မှုနဲ့ အရေးယူခံရမယ်လို့ သတင်း က ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အခုထိ လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ လက်နက်ပစ္စည်း တစုံတရာကိုမှ ရှာမတွေ့ရသေးဘူးလို့ စီအိုင်ဒီ အရာရှိက ပြောထားပါသေးတယ်။

အိမ့်သံစဉ်
ဧရာဝတီ သတင်း