မလေးရှားတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ

ပို့စ်တင်ချိန် - 12/31/2013 03:13:00 PM

Photo by nst.com.my

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။
“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”

အသတ်ခံရသူ ၂ ဦးဟာ အသက် ၁၉ နှစ်အရွယ် မဌေးဌေးသန်းနဲ့ အသက် ၄၁ အရွယ် မငယ်တို့ ဖြစ်ကြပြီး မသင်္ကာဖွယ်ရာ မြန်မာ ၂ ဦးကို ခေါ်ယူ စစ်ဆေးနေတယ်လို့ ပြည်နယ်မှုခင်း စုံစမ်းရေးဌာနရဲ့ လက်ထောက်အကြီးအကဲ မာဇလန်ကီဇာက ပြောကြောင်း သည်စတား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်တဲ့နေရာအနီးက ဘတ်စကားမှတ်တိုင်မှာ ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူတွေ အသက် ၃၀ အရွယ် မြန်မာအမျိုးသား ၂ ယောက်ကို မျက်မြင် သက်သေတဦးရဲ့ ပြောပြချက်တွေအပေါ် မူတည်ကာ အခင်းဖြစ်ပြီး မိနစ် ၃၀ အတွင်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီး ၂ ဦးဟာ စက်ရုံအလုပ်သမားဟောင်းတွေ ဖြစ်ကြပြီး လမ်းလျှောက်လာတုန်း တိုက်ခိုက်ခံရတာလို့ စုံစမ်းစစ်ဆေးရေးအရာရှိ ကီဆာက ပြောပါတယ်။

လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေနေဆဲဖြစ်ပြီး ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာ ရှိရင် အနီးဆုံး ရဲစခန်းကို ဆက်သွယ်သတင်းပေးကြဖို့လည်း မက်ဇလန်ကီဆာက တိုက်တွန်းထားပါတယ်။

မြန်မာအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားရေးရာ တာဝန်ရှိသူကို မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရ ဖြစ်နေပါတယ်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကလည်း မြန်မာအလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် မြန်မာအလုပ်သမား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားမှာ မြန်မာအလုပ်သမားဦးရေဟာ တရားဝင် ၃ သိန်းနဲ့ တရားမဝင် ၄ သောင်း ရှိတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးရဲ့ စာရင်းအရ သိရပါတယ်။
DVB Burmese