မူးယစ်ဆေးဝါး အပြီးသတ်ချေမှုန်းရေးအချိန်ကို နောက်ဆုတ်လိုက်သောကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှု ပိုမိုမြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း NLD တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ပြောကြား

ပို့စ်တင်ချိန် - 12/31/2013 12:00:00 PM



မူးယစ်ဆေးဝါး အပြီးသတ်ချေမှုန်းရေးအချိန်ကို နောက်ဆုတ်လိုက်ခြင်းကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့်သုံးစွဲမှု ပိုမိုမြင့်တက်လာသည့်အပေါ် စိုးရိမ်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ကြီးမြို့နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများပါဝင်သည့် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှစတင်၍ တားဆီးနှိမ်နင်းမှုများပြုလုပ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်တွင် စီမံကိန်းကာလပြည့်မည်ဖြစ်သော်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအပိုင်းတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် နောက်ထပ်ငါးနှစ်စီမံကိန်းဖြင့် ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း မူးယစ်(အထူး)အဖွဲ့ထံမှ သိရသည်။

မူလက မူးယစ်ဆေးဝါး အပြီးသတ်တိုက်ဖျက်ရေးအတွက် ၂၀၁၄ ခုနှစ် နောက်ဆုံးထား သတ်မှတ်ထားသော်လည်း ယခုအခါတွင် ၂၀၁၈ ခုနှစ်အထိ အချိန်နောက်ဆုတ်လိုက်ခြင်းကြောင့် ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှုများ ပိုမိုမြင့်တက်လာခြင်းကို ကွင်းဆင်းလေ့လာမှုများအရ သိရကြောင်း၊ ယင်းအချက်ကို စိုးရိမ်မိကြောင်း ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

"ကျွန်မတို့က လက်ရှိကာလအတွင်းမှာ ကျေးရွာတွေကိုဆင်းတဲ့အခါမှာ တောက်လျှောက်သိနေရတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းတစ်ခုလုံးမှာတော့ မူးယစ်က မပျောက်ဘူးဖြစ်နေတယ်။ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိတဲ့နေရာမှာ မူးယစ်က အမြစ်ပြတ်ဖို့ ခက်နေတယ်"ဟု ၎င်းက ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှု အဓိကဖြစ်ပေါ်နေခြင်းမှာ ၀င်ငွေလုံလောက်သည့် အစားထိုးသီးနှံမရှိခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ထောက်ပံ့မှုများ ပြုလုပ်နေရခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းအချက်ကို ၀င်ငွေကောင်းသည့် လက်ဖက်ဖြင့် အစားထိုးစိုက်ပျိုးနိုင်ခဲ့ခြင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့များ မရှိတော့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၁၉၉၃ နောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ကင်းစင်သွားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

အဓိကဘိန်းစိုက်ပျိုးမှုများ ပြုလုပ်နေသည့်ဒေသမှာ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ဖြစ်ကြောင်းနှင့် ရှမ်းပြည်တစ်ခုလုံးနှင့်ဆိုပါက ရာခိုင်နှုန်း ၇၀ အထိ ဘိန်းစိုက်ပျိုးမှု ရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ ဒေါ်ခင်မိုးမိုးအနေဖြင့် ယင်းကဲ့သို့ ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုနှင့် သုံးစွဲမှု မြင့်တက်နေသည်ဆိုသည့် အချက်အပေါ် စိုးရိမ်မိကြောင်း အစီရင်ခံစာကို ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် NLD ဗဟိုကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ခြောက်နှစ်အတွင်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဈေးနှုန်း မြင့်တက်လာကြောင်း၊ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံနောက် ဒုတိယအများဆုံး နိုင်ငံဖြစ်သော်လည်း ဘိန်းအပေါ် မှီခိုအားထားရသည့် မိသားစုစာရင်းတွင်မူ အာဖဂန်နိုင်ငံထက် ပိုမိုများပြားနေကြောင်း၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအားလုံး၏ ရာခိုင်နှုန်း ၉၀ မှာ ရှမ်းပြည်နယ်တွင်ဖြစ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မြန်မာနိုင်ငံတာဝန်ခံက ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောကြားထားသည်။

အစိုးရ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် UNODC တို့၏ သုံးပွင့်ဆိုင် စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး လုပ်ငန်းအကောင်အထည်ဖော်ရေးအတွက် သဘောတူညီချက်များသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့အကောင်အထည်မပေါ်ကြောင်း RCSS က ဒီဇင်ဘာ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် သုံးသပ်ချက်စာတမ်းတွင် ထည့်သွင်းခဲ့သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် အစိုးရဘက်က ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိကြောင်း၊ တောင်ကြီးမြို့တွင် RCSS ကိုယ်စားလှယ်ထားရှိပေးသော်လည်း အစိုးရဘက်က တစ်နှစ်ကျော်ကြာသည်အထိ တရားဝင် ဆက်သွယ်မှု လုံးဝမရှိကြောင်း၊ အဆိုပါဖြစ်ရပ်သည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို ထိခိုက်စေသည့် အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်းလည်း အဆိုပါစာတမ်းတွင် ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ်အတွင်း၌ အဓိကလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ခန့်ရှိနေပြီး '၀' သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSPP/SSA)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLS/PSLF) တို့ဖြစ်ကာ အခြားအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များလည်း များစွာရှိနေကြောင်း သိရသည်။

eleven media group