ထင်ရှားကျော်ကြား ၂၀၁၃ (အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့)

ပို့စ်တင်ချိန် - 12/31/2013 07:15:00 AM



၂။ အာရှခြေစစ်ပွဲအောင်မြင်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပရိသတ်ကပေးသည့် ချန်ပီယံဆုရရှိခဲ့သော မြန်မာအမျိုးသမီး ဘောလုံးအသင်း

မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၁၃ ခုနှစ် အတွင်း၌ အဓိကပြိုင်ပွဲကြီးသုံးပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သော်လည်း အာရှတိုက်၏ အမြင့်ဆုံးပြိုင်ပွဲဖြစ် သည့် အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မျှော်မှန်းထားသည့် ရွှေတံဆိပ်မရရှိခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့် ရေကုန်ရေခန်းကစားခဲ့သောကြောင့် ကြေးတံဆိပ်သာ ရရှိခဲ့သော်လည်း ပရိသတ်ကပေးသည့် ချန်ပီယံဆုကို ရရှိခဲ့သည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းကို ၂၀၁၃ ခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြရခြင်း ဖြစ်သည်။

အမျိုးသားဘောလုံးအဆင့်အတန်းမှာ အာဆီယံဒေသတွင်း၌ ပင်ထိပ်တန်းအဆင့်ရောက်ရန် ရုန်းကန်နေရချိန်၌ အမျိုးသမီးဘောလုံးအသင်းမှာ အာရှတွင် အလယ်အလတ်အဆင့်၌ ရပ်တည်နိုင်နေသည့် အသင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ အတွင်းက ပါလက်စတိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှဖလားခြေစစ်ပွဲတွင် တရုတ် (တိုင်ပေ)၊ အိန္ဒိယနှင့် အိမ်ရှင် ပါလက်စတိုင်းတို့ကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကြေးတံဆိပ်သာ ရရှိခဲ့သော်လည်း ထိုင်းနှင့်ကစားခဲ့သည့် ဆီမီးဖိုင်နယ်တွင် ပြသခဲ့သည့်ခြေစွမ်း နှင့် စိတ်ဓာတ်ပိုင်းက မြန်မာဘောလုံး ပရိသတ်အားလုံး၏ ချီးကျူးမှုကို ရရှိခဲ့သည်။ ပယ်နယ်တီတွင် ကံမကောင်းခဲ့မှုကြောင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ကွင်းတွင်း ကွင်းပြင် ပရိသတ်များ၏ ကရုဏာသက်မှု၊ အားပေးမှုတို့ကို မြန်မာအမျိုးသမီး ဘောလုံးအသင်းက ရယူနိုင်ခဲ့ပေသည်။

eleven media group