တောင်ဆူဒန်မြောက်ပိုင်း ဘန်တီယူမြို့ကို အစိုးရတပ်များ ပြန်လည်သိမ်းပိုက်

ပို့စ်တင်ချိန် - 1/12/2014 12:45:00 AM

ဓာတ်ပုံ - ရိုက်တာ

သူပုန်တွေ သိမ်းပိုက်ထားခဲ့တဲ့ တောင်ဆူဒန်မြောက်ပိုင်းက ဘန်တီယူမြို့ကို အစိုးရတပ်တွေက ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြန်လည်သိမ်းယူခဲ့ပါတယ်။

ဘန်တီယူမြို့ဟာ တောင်ဆူဒန်ရဲ့ အဓိက ရေနံထွက်တဲ့ မြို့တမြို့ဖြစ်ပြီး သူပုန်တွေ သိမ်းပိုက်လိုက်ခဲ့စဉ်ကတည်းက ရေနံထုတ်လုပ်မှုလည်း ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တလကတည်းက အစိုးရတပ်နဲ့ သူပုန်တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တနေ့ကို ရေနံစည် ၂ သိန်း၊ ၂ သိန်းခွဲထိ ထုတ်လုပ်နေတဲ့ တောင်ဆူဒန်နိုင်ငံမှာ ရေနံစည် ၄ သောင်းခွဲပဲ ထုတ်လုပ်နိုင်တော့တာ ဖြစ်ပါတယ်။

တောင်ဆူဒန် အစိုးရတပ်ပြောခွင့်ရ ဖီးလစ် အဲဂွါက တိုက်ပွဲချိန် ၂ နာရီခွဲအတွင်း ဘန်တီယူမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သူပုန်တပ်ခေါင်းဆောင် ဗိုလ်မှူးချုပ် မာကယ် လည်း စစ်လက်နက်ပစ္စည်း အပြည့်အစုံနဲ့ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကား ၁၀ စီးကျော်နဲ့ အလင်းဝင်လာရာမှာ ကား ၆ စီးဟာ ပြည်ပနိုင်ငံတနိုင်ငံက ထောက်ပံ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို တင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ စစ်လက်နက်တွေ ထောက်ပံ့တဲ့ အဲ့ဒီ ပြည်ပနိုင်ငံကို စစ်ဆေးလေ့လာနေဆဲ့ပဲလို့ ဆိုပါတယ်။

ဘန်တီယူမြို့ဟာ ယခင် ဒုသမ္မတ မာချာ ဦးဆောင်တဲ့ သူပုန်တပ်တွေ သိမ်းပိုက်ထားတဲ့ အဓိက မြို့နှစ်မြို့ထဲက တမြို့ဖြစ်ပါတယ်။
DVB Burmese