ကတ်ကိုမလို အခွံကိုသာ လိုသည်

ပို့စ်တင်ချိန် - 1/12/2014 12:20:00 PM


 ကျောင်းစအပ်သည့် နေ့တွင်ပင် ဖုန်းပျောက်သွား၍ ဒဂုံတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်မည့် မငြိမ်းတစ်ယောက် ခေါင်းမီးတောက်သွားသည်။
မငြိမ်းမှာ ဖုန်းပျောက်မှန်း သိလျှင်သိချင်း သူ့ဖုန်းကို ဆက်လိုက်ရာ တစ်ဖက်မှ အသံရှင် အမျိုးသမီးက နောက်တစ်နေ့ နံနက်တွင် ကျောင်းမှာပင် ဖုန်းကို ပြန်ပေးမည်ဟုဆိုကာ ဖုန်းပြန်ပေးမည့် နေရာ၊ အချိန်များကို အချိန်းအချက် ပြုလိုက်သည်။ နောက်တစ်နေ့ မငြိမ်း ထိုနေရာတွင် သွားစောင့်နေသော်လည်း ထိုအမျိုးသမီးလည်း မလာ၊ ဖုန်းလည်း ပြန်မရသဖြင့် ပျောက်သွားသော ထိုဖုန်းနံပါတ်ကို အကြိမ်ကြိမ် ခေါ်ဆိုရာ စက်ပိတ်ထားသည် ဟူသော အသံသာ ကြားရကာ သူ့ဖုန်းပြန်ရရေး လမ်းစ ပျောက်သွားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ကာ မငြိမ်း၏မိခင် ဒေါ်နှင်းနှင်းက “အဲဒီနေ့က ဖောင်ဖြည့်ရင်းနဲ့ ဖုန်းက ကျန်ခဲ့တာလား။ တမင်တကာ ယူသွားတာလားတော့ မသိဘူး။ ဖုန်းပျောက်နေမှန်း တော်တော်ကြာမှ သိတာ။ အဲဒါနဲ့ ဆက်ကြည့်လိုက်တော့ ပြန်ပေးပါမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဖုန်းက အားကုန်တော့မှာလေ။ ဒါကြောင့် သူ့ရဲ့ ဖုန်းနံပါတ်တောင်းတော့ မပေးဘူး။ ချိန်းထားတဲ့ နေရာ သွားစောင့်တော့ မလာဘူးလေ။ နောက်ကျတော့ စက်ပိတ်ထားတယ်။ အဲဒီဖုန်းကိုပဲ ဆက်တဲ့ သူငယ်ချင်းတွေကို ဒီဖုန်းက မူလပိုင်ရှင်ရဲ့ ဖုန်းမဟုတ်တော့ပါဘူး ဆိုပြီးပြောတယ်။ ဖုန်းလေးကတော့ HTC ပါ။ ဖုန်းကိုတော့ သိပ်မနှမြောပေမယ့် ဖုန်းထဲမှာ ဓာတ်ပုံတွေ ရိုက်ထားတာ အများကြီးပဲ။ အဲဒါတွေကို ပိုနှမြောတယ်” ဟု ဖုန်းပြန်ပေးမည်ဟု ချိန်းဆိုခဲ့သည့် နေရာကို သွားရောက် ခဲ့သော်လည်း ပြန်မရရှိခဲ့ပုံကို ပြောဆိုသည်။

ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်တွင် ပညာသင်ကြားနေသူ မခိုင်လေးကလည်း သူ့ဖုန်း ပျောက်ဆုံးခဲ့ရသည်ကို “ညီမပျောက်တာက ကျောင်းမှာ ပျောက်တာ။ ကျောင်းမှာ စာမေးပွဲဖြေတော့ အတန်းထဲကို ဖုန်းယူလို့ မရဘူးလေ။ ပြီးတော့ လွယ်အိတ်ကိုလည်း အပြင်မှာထားရတယ်။ အဲဒီမှာ ပျောက်သွားတာ။ ညီမပျောက်တဲ့ နေ့မှာပဲ တခြားသူတွေလည်း ပျောက်တယ်လို့ ကြားတယ်။ ညီမဖုန်းက HUAWEI ဖုန်းလေးပါ။ ညီမတို့ ကျောင်းက ကျောင်းယူနီဖောင်းနဲ့ မဟုတ်ရင် ဝင်လို့မရဘူး” ဟု ၎င်း ကြုံတွေ့ခဲ့ရပုံကို ပြောပြသည်။

ကျောင်းဝင်းအတွင်း ဖုန်းပျောက်ဆုံးလာမှု များသည် ကျောင်းသား၊ ကျောင်းသူများ၏ မေ့မေ့လျော့လျော့ စည်းကမ်း မရှိကြသည့်အတွက် ပျောက်သည်ဟု ထင်ကြောင်း၊ တချို့ ကျောင်းသား၊ ကျောင်းသူများက ဈေးမြင့် ဟန်းဆက်များကို ကိုင်ဆောင်ကြသည့် အတွက် မကိုင်ဆောင်နိုင်သော ကျောင်းသား၊ ကျောင်းသူများက လိုချင်စိတ်ကြောင့် ခိုးဝှက်လာခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း၊ ကျောင်းဝင်းအတွင်း ပျောက်သည်ဟု ဆိုသော်လည်း ကျောင်းဝင်းအတွင်း လူတော်တော်များများ ဝင်ရောက်နိုင် သည့်အတွက် ကျောင်းသားများ ခိုးယူသည်ဟုလည်း တထစ်ချပြော၍ မရနိုင်ကြောင်း ကျောင်းဝင်းထဲတွင် ဖုန်းပျောက်ဆုံးမှု များနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးက သူ့အမြင်ကို ပြောကြားသည်။

ဖုန်းကတ်တစ်ကတ် ကျပ် ၁၅၀၀ ဖြင့် ရရှိလာပြီ ဖြစ်သော ယနေ့ အချိန်အခါတွင် ယခင်ထက် ဖုန်းအသုံးပြုသူ အဆများစွာ တိုးတက်လာသည်နှင့်အမျှ ဖုန်း အသုံးပြုကြသူများအကြား မငြိမ်း၊ မခိုင်လေး ကဲ့သို့ပင် အကြောင်း အမျိုးမျိုးကြောင့် တန်ဖိုးမြင့် ဖုန်းဟန်းဆက် ပျောက်ဆုံးမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း ဖုန်းအသုံးပြုသူများက ပြောကြားသည်။

လူတန်းစားမရွေး ဖုန်းကိုင်ဆောင် လာနေနိုင်ပြီ ဖြစ်သည်နှင့်အညီ မိမိတတ်နိုင်သည့် ငွေကြေး အခြေအနေပေါ် လိုက်၍ ဖုန်းဟန်းဆက်များကို ဝယ်ယူကြရာတွင် စွမ်းဆောင်ရည်အားဖြင့် မြင့်မားပြီး ဈေးနှုန်း မြင့်မားသည့် ဖုန်းဟန်းဆက်များကို ရွေးချယ် ဝယ်ယူကြမှုများ ပိုမိုများပြားလာသည်ကို တွေ့မြင်ရသည်။ အချို့သော ဖုန်းအသုံးပြုသူများလည်း မိမိတတ်နိုင်သည့် ငွေကြေးကို ကျော်လွန်၍ ဈေးမြင့် ဖုန်းဟန်းဆက်များကို ကိုင်ဆောင်ကြသူများလည်း ရှိသည်။
“ငါးသိန်းဖုန်းတုန်းက ဝယ်ထားတာလေ။ အခုတော့ ၁၅၀၀ တွေ ထွက်လာပြီ။ ဟန်းဆက်ကတော့ ဈေးမြင့်တာလေးပဲ ကိုင်ဖြစ်တယ်။ တခြားတော့ မဟုတ်ဘူး။ ကိုယ့်ဖုန်းက အရမ်းစုတ်နေရင် မကောင်း ဘူးလေ။ ဘာပဲပြောပြော ဟန်းဆက်ကောင်းကောင်း ကိုင်တော့လည်း လူရှိန်တာပေါ့။ ဒီဖုန်းကို ကုမ္ပဏီနဲ့ ချိတ်ပြီး ဖုန်းရောင်းတဲ့ဆီက အရစ်ကျပေးရတဲ့ စနစ်နဲ့ ဝယ်ထားတာ” ဟု ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်ပြီး လက်ရှိတွင် Samsung Galaxy S4 ကိုင်ဆောင်ထားသူ မနေခြည် (အမည်လွှဲ) က ရယ်မော ပြောဆိုသည်။

ယင်းအပြင် လုပ်ငန်းခွင် ဝင်ရောက်နေသော လူများသာမကပဲ ကျောင်းတက်ဆဲ သားသမီးများကို ဖုန်းကိုင်ဆောင်ခွင့် ပြုထားသော မိဘများသည်လည်း မိမိကလေး မျက်နှာမငယ်စေရန် ဈေးမြင့်ဟန်းဆက်များ ကိုင်ဆောင်ခွင့် ပြုထားသည်များလည်း ရှိသည်။ “အိမ်မှာ ဖုန်းမဲပေါက်တော့ တက္ကသိုလ် တက်နေရတဲ့ သမီးကို ပေးကိုင်လိုက်တယ်။ ပြီးတော့ ဟန်းဆက်လည်း ကောင်းကောင်း ဝယ်ပေးထားလိုက်တယ်။ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ သွားရလာရတာဆိုတော့ ဖုန်းကောင်းကောင်းလေး မဟုတ်ရင် မျက်နှာငယ်နေမှာ စိုးလို့” ဟု အသက် ၄၅ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ ဒေါ်ညိုဝင်းက ဆိုသည်။

ဈေးမြင့် ဟန်းဆက်များ ကိုင်ဆောင်ကြသည်နှင့်အတူ ဖုန်းအသစ်အဆန်း တစ်မျိုး ထွက်ရှိလာတိုင်း ပြောင်းလဲ ကိုင်ဆောင်လိုကြသော လူတို့၏ ဗီဇကြောင့်လည်း မိမိ၏ဖုန်း မပျက်စီး မဟောင်းနွမ်းသေး သော်လည်း အသစ်ကို လိုချင်သည့်အတွက် အသိမိတ်ဆွေ အချင်းချင်း ဖုန်းကို ဈေးလျှော့ ရောင်းချလာခြင်းများ၊ အွန်လိုင်းပေါ်မှ တစ်ဆင့် Second Hand အဖြစ် ရောင်းချနိုင်ခြင်း တို့အပြင် ဖုန်း Second Hand ဝယ်ယူသော ဖုန်းဆိုင်များ ရှိလာသည့်အတွက် ဖုန်းအဟောင်း ရောင်းချ ဝယ်ယူနိုင်သည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
“ဖုန်းအဟောင်း ရောင်းဝယ်နေကြတဲ့ ဆိုင်တွေက Samsung၊ HTC၊ iPhone တို့လို တန်ဖိုးကြီးတဲ့ ဖုန်းတွေပဲဆိုတော့ အဲဒီလိုဖုန်းတွေကို ဈေး သက်သက်သာသာနဲ့ ကိုင်ချင်တဲ့ သူတွေအတွက် အဆင်ပြေသလို ဖုန်းတွေ ကောက်ရလာလို့ ပြန်မပေးချင်လို့ပဲ ဖြစ်ဖြစ်၊ ခါးပိုက်နှိုက်လို့ ရလာတဲ့ ဖုန်းတွေပဲဖြစ်ဖြစ် ပြန်ရောင်းဖို့ တစ်နေရာတော့ ရှိသွားတာပေါ့” ဟု မဝင့်သူက သူ၏အမြင်ကို ပြောဆိုသည်။

ယခုအခါ ဖုန်းကတ်ထက် ဖုန်းဟန်းဆက်က ပိုမိုတန်ဖိုးကြီးလာပြီ ဖြစ်သည်။ သို့သော်ထိုကဲ့သို့ ဟန်းဆက် ပျောက်ဆုံးမှုမှာ များသောအားဖြင့် အမှုဖွင့် တိုင်ကြားသည်အထိ မရှိသဖြင့် ဖုန်းဟန်းဆက် ပျောက်မှုအရေ အတွက်ကိုမူ ခန့်မှန်း၍ မရသော်လည်း တန်ဖိုးနည်းဖုန်း ထွက်ပေါ်လာပြီး နောက်ပိုင်း ဖုန်းကတ်ဖိုးအတွက် ငွေကြေး သုံးစွဲရမှု နည်းသွားသည့်အတွက် ဖုန်းဟန်းဆက်ကို မော်ဒယ်မြင့် တန်ဖိုးကြီး ဟန်းဆက်များ သုံးစွဲလာမှု များလာသည့် နောက်ပိုင်းတွင် သိသိသာသာ ဖြစ်ပွားလာသည်ကို တွေ့ရသည်။

“အရင်က ဖုန်းကတ်တွေက ဈေးကြီးတာလေ။ အခုက ဖုန်းကတ်က ဈေးမရှိတော့ဘဲ ဘာဟန်းဆက် ကိုင်တယ် ဆိုတာမျိုး ဖြစ်သွားတာ။ အဲဒီ့တော့ ခိုးတဲ့သူကလည်း ပျောက်ရင်တောင် တိုင်လေ့ သိပ်မရှိတဲ့ ဖုန်းဟန်း ဆက်တွေကိုပဲ အဓိက ခိုးလာတာမျိုး ဖြစ်လာတယ်။ ပြီးတော့ ဟန်းဆက်တွေက ကောင်းတော့ ကျကျန်ခဲ့ရင်တောင် ပြန်ပေးမယ့်သူက ဟန်းဆက်ကြည့်ပြီး ပြန်မပေးတော့ဘူး ဆိုတာတွေ ဖြစ်လာတယ်” ဟု ကိုမင်းထက်က ဆိုသည်။

ဖုန်းခိုးခံရခြင်းမျိုး မဟုတ်ဘဲ လူတို့၏ ပေါ့ဆမှုကြောင့် ကားပေါ်တွင် ကျကျန်ခဲ့ခြင်းများ၊ ဆိုင်တွင် မေ့ကျန်ခဲ့ခြင်းစသည့် အခြေအနေများတွင် ရိုးရိုးသားသားဖြင့် ပြန်ပေးသူများ ရှိသကဲ့သို့ ပြန်ပေးရန်အတွက် အခကြေးငွေ တောင်းခံသူများလည်း ရှိကြသည်။
“အစ်မဖုန်းက တက္ကစီပေါ်မှာ ကျန်ခဲ့တာ။ ဆင်းဆင်းချင်း ကျန်ခဲ့မှန်းသိလို့ လှည့်ကြည့်လိုက်တော့ ကားက မရှိတော့ဘူး။ ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့ ဖုန်းမကိုင်ဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက်ကျတော့ ကိုင်တယ်။ ဖုန်းတစ်လုံး ကောက်ရထားတယ်တဲ့။ ဒီတော့ အစ်မက ကျွန်မဖုန်းပါ ဘယ်မှာ လာယူရမလဲဆိုတော့ ညီမလေးဖုန်းက ဈေးလည်းကြီးတယ်၊ တန်ဖိုးလည်း ကြီးတယ်၊ ငါးသောင်းနဲ့ လာရွေးပါလို့ ပြောတယ်။ နောက်ဆုံး သုံးသောင်းနဲ့ ဈေးတည့်သွားတယ်။ သွားရွေးတော့လည်း မှတ်တိုင်မှာပဲ စောင့်ခိုင်းတယ်။ ဖုန်းဆက်လိုက်တော့ ကောင်လေးနှစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် ရောက်လာတယ်။ အန်တီကြီးက ကလေးတွေချည်း လွှတ်လိုက်ရင် ခံလိုက်ရမှာစိုးလို့ လိုက်လာတာတဲ့။ မသိရင် သူ့ဖုန်းကိုပဲ ကျွန်မက မဟုတ်တာ လုပ်မှာ ကျနေတာပဲ” ဟု အသက် ၂၉ နှစ်အရွယ် မလင်းက သူ့အတွေ့အကြုံကို ပြောပြသည်။

မလင်းကဲ့သို့ ဖုန်းကျန်ခဲ့ပြီး ပြန်ရသူများ ရှိသော်လည်း ဖုန်းကျန်ခဲ့ပြီး သည့်နောက် မည်သို့မှ ဆက်သွယ်၍ မရတော့ဘဲ အဆုံးရှုံး ခံလိုက်ရသည့် ဖုန်းပိုင်ရှင်များ ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည့် ကိုဥက္ကာက သူ့အတွေ့အကြုံကို “ကျွန်တော်က ဖုန်းပျောက်တာ သုံးလုံးရှိပြီ။ နှစ်ခေါက်က ကျကျန်ခဲ့တာ။ တစ်ခေါက်ကတော့ ဘောလုံးကန်ဖို့ ဘေးနားမှာရှိတဲ့ ကလေး တစ်ယောက်ကို ခဏပေးထားတာ။ အဲဒီကလေးက ယူသွားတာ။ ဘောလုံးပွဲပြီးတော့ ပြန်လိုက်ရှာတော့ ကလေးလည်း မရှိတော့ဘူး။ ဖုန်းပြန်ဆက်တော့လည်း ဖုန်းပိတ်ထားတယ်။ ပြန်မရဘူး” ဟု အသက် ၂၇ နှစ်အရွယ် ကိုဥက္ကာက သူ့အတွေ့အကြုံကို ပြောပြသည်။

ဖုန်းအမျိုးအစားသစ် များ၏ ဆွဲဆောင်မှု များကြောင့် တန်ဖိုးကြီး ဖုန်းဟန်းဆက်များ လက်ဝယ်ပိုင်ဆိုင်လိုမှု အတွက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သည့် ကျောက်ကပ်ကို ထုတ်ရောင်း၍ ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦး iPhone နှင့် iPad ဝယ်ယူမှု ဖြစ်စဉ် တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့်အတွက် သက်ဆိုင်သူများကို ဖမ်းဆီး အရေးယူခဲ့မှု ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင်မှု ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း များကို ရောင်းချ၍ တန်ဖိုးကြီး ဖုန်းဟန်းဆက်များ ဝယ်ယူမှု သတင်းမျိုး ထွက်ပေါ်မှု မရှိသေးသော်လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က တန်ဖိုးမြင့် ဖုန်းဟန်းဆက်များ ကိုင်ဆောင်လိုမှုဖြင် လူငယ် ၁၀ ဦး စုပေါင်း၍ ဖုန်းဆိုင် ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။

တန်ဖိုးမြင့် ဖုန်းဟန်းဆက် ပိုင်ဆိုင်လိုမှုသည် ငွေကြေးအားဖြင့် တတ်နိုင်မှု မရှိသည့် လူငယ်အချို့ကြား ရာဇဝတ်မှုကို ကျူးလွန်သည့် အဆင့်အထိ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

ဖုန်းဆိုင် ဖောက်ထွင်းမှုကဲ့သို့ မှတ်တမ်းဝင် ရာဇဝတ်မှု အနေနှင့် ကျူးလွန်မှုများကို ဖမ်းဆီး အရေးယူမှု ပြုလုပ်နိုင်ကြသော်လည်း တစ်ဦးချင်း တစ်ယောက်ချင်းအနေနှင့် ဖုန်းခိုးမှုများ၊ မေ့ကျန် ဖုန်းကောက်ရပါက ပြန်မပေးမှုများသည် များသောအားဖြင့် တိုင်ကြားမှု မရှိသည့်အတွက် ကျူးလွန်သူများ အတွက် ခပ်လွယ်လွယ် ငွေရပေါက်တစ်ခု တိုးသကဲသို့ ခိုးယူထားသည် မဟုတ်သော်လည်း မေ့ကျန်ခဲ့သောဖုန်း ကောက်ရသည်ကို ငွေနှင့် ပြန်ရွေးခိုင်းသည့် အတွေးများ၊ ပြန်မပေးမှုများသည် လူတို့၏ ရိုးသားမှုအတွက် တန်ဖိုးကြီး ဖုန်းဟန်းဆက်များသည် စိန်ခေါ်ချက် တစ်ခုသဖွယ် ဖြစ်နေပြီလား ဆိုသည်မှာမူ စဉ်းစားစရာ အချက်တစ်ခု ဖြစ်လာနေပေပြီ။

တန်ဖိုးကြီး ဖုန်းဟန်းဆက်များသည် ရိုးသားမှုအတွက် စိန်ခေါ်ချက် တစ်ခုသဏ္ဌာန်သို့ ရောက်ရှိနေပြီ လားဟု မေးခွန်းထုတ်စရာ အခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိ လာနေသော်လည်း လူသားတို့၏ အခြေခံ စောင့်စည်းရမည့် အချက်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သော သူများပစ္စည်း မယူရဆိုသော ရိုးသားမှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း အခိုင်အမာ ကျန်ရှိနေသေးသည့် အချက်ကိုလည်း ကိုသန့်စင်စိုးက သူ့အတွေ့အကြုံနှင့် ယှဉ်၍ ပြောပြသည်။
“ကျွန်တော်က ဖုန်းပျောက်လို့ ပျောက်မှန်းတောင် မသိဘူး။ ကျွန်တော့်အထင် တက္ကစီပေါ်ကအဆင်း ကျကျန်ခဲ့တာလို့ ထင်တယ်။ ကျွန်တော့်ဆီကို သူငယ်ချင်းတွေက ဖုန်းတွေ ဆက်ကြတယ်။ သူတို့က လည်း ကျွန်တော်ဖုန်း ပျောက်သွားမှန်း မသိဘူး။ နောက် တော်တော်ကြာတော့မှ ဖုန်းပျောက်မှန်း သိလို့ ဖုန်းဆက်ကြည့်တော့ သူတို့ ဖုန်းကောက်ရထားတယ်။ ဆူးလေဘုရားက သူတို့ဆိုင်မှာ လာယူပါဆိုလို့ သွားယူတယ်။ ပိုက်ဆံလည်း မတောင်းသလို ပေးလည်း မပေးခဲ့ရဘူး။ သူတို့ကတောင် ကိုယ့်ကို လက်ဖက်ရည် ပြန်တိုက်လိုက်သေးတယ်”။

မည်သို့ပင် ဆိုစေကာမူ တန်ဖိုးမြင့် ဖုန်းဟန်းဆက်များကို ပြိုင်ဆိုင်မှု တစ်ခုသဖွယ် ကိုင်ဆောင်လာမှု၊ အဆိုပါ ဖုန်းဟန်းဆက်များကို ပစ်မှတ်ထား ခိုးယူလာမှုများ တိုးပွားလာနေသည် ဆိုသော်လည်း အမှန်တကယ် အချင်းချင်း ဆက်သွယ်ရေးအတွက် မရှိမဖြစ် အရေးပါသော မိုဘိုင်းလ်ဖုန်း ကိုင်ဆိုင်မှုမှာ တစ်နေ့တခြား တွင်ကျယ်လာဦးမည်မှာ သေချာနေသော အချက်ပင် ဖြစ်သည်။

ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း ဖုန်းပိတ်ထားသည်ဟုသာ ကြားရပြီးသည့်နောက် ဖုန်းပြန်ရရေး လမ်းစမှာ စုန်းစုန်းမြုပ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် မငြိမ်း သူ့ဖုန်း ပြန်ရရေး ကြိုးပမ်းမှု လက်လျှော့လိုက်သည်။ ဖုန်းပျောက်သော်လည်း သူငယ်ချင်းများအကြား မျက်နှာ မငယ်ရစေရန် ဟုဆိုကာ တစ်သိန်းကျော်တန် Lenovo ဖုန်းဟန်းဆက်တစ်လုံး သူ့မိခင်က ထပ်မံဝယ် ပေးထားသည်။ ဘယ်သွားသွား ဘယ်လာလာ တခြားပစ္စည်းများထက် ဖုန်းမကျန်ခဲ့ရေးမှာ မငြိမ်းအတွက် ပိုမို အရေးကြီးလျက် ရှိသည်။

The Voice Weekly Myanmar