နိုင်ငံတစ်ဝန်း ဆရာမများကို ကလေးဗဟိုပြု သင်ကြားနည်းစနစ် ၂၀၁၅ အမီ သင်ကြားမည်

ပို့စ်တင်ချိန် - 1/12/2014 01:30:00 PM

အမျိုးသား ပညာရေး မူဝါဒတွင် ကဏ္ဍတစ်ရပ် အနေဖြင့် ရေးဆွဲမည့် ကလေးဗဟိုပြု သင်ကြားရေး (CCA) အတွက် တစ်နိုင်ငံလုံးရှိ မြို့နယ်နှင့် မြို့ပေါင်း လေးရာတွင် ပညာသင်ကြား ပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ကလေးဗဟိုပြု သင်ကြားရေးဆိုင်ရာ သင်တန်းများကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ CCA လုပ်ငန်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယခုလက်ရှိတွင် အကောင်အထည် ဖော်ရမည့် မြို့နယ် ၁၅၅ မြို့နယ်သာ ကျန်ရှိတော့ပြီး ယင်းမြို့နယ်များအနက် ၇၃ မြို့နယ်ကို ၂၀၁၄ ခုနှစ်တွင် ဆရာအတတ်သင် မွမ်းမံသင်တန်းများ ပေးမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာလေးတွေကို အသုံးပြုပြီး သင်ထောက်ကူ ပစ္စည်းအနေနဲ့ ကလေးတွေ နားလည်အောင် ဆရာတွေက သင်ပေးလို့လည်း ရတယ်။ အဲဒီလို အရည်အချင်း ရှိဖို့လည်းလိုတယ်” ဟု အမေရိကန်နိုင်ငံတွင် သင်ရိုးညွှန်းတမ်း ပြုစုရေး ဆိုင်ရာ၌ ပါရဂူဘွဲ့ ရယူခဲ့သူ ဒေါက်တာသိန်းလွင်က ပညာရေး မြှင့်တင်မှု ကော်မတီ ဆွေးနွေးပွဲတွင် ပြောဆိုသည်။

၂၀၁၄ ခုနှစ်တွင် စတင်မည့် ဆရာအတတ်သင် မွမ်းမံ သင်ကြားရာတွင် သီအိုရီပိုင်း ဆိုင်ရာသာမက စိတ်ပညာပိုင်း ဆိုင်ရာနှင့် ကလေးငယ်များ၏ သင်ယူမှုဆိုင်ရာ သုတေသန များကိုလည်း ထည့်သွင်း သင်ကြားပေးမည် ဖြစ်ကြောင်း CCA လုပ်ငန်းအဖွဲ့၏ နည်းပညာရှင် တစ်ဦးထံမှ သိရသည်။

အဆိုပါ CCA အဖွဲ့သည် ပညာရေး ဝန်ကြီးဌာန၏ အခြေခံပညာရေး ဆိုင်ရာ ပညာရေးမူဝါဒ၊ ကလေးသူငယ် မူဘောင်တွင် ထည့်သွင်း ရေးဆွဲရမည့် စံသတ်မှတ်ချက်များ၊ သင်ရိုးညွှန်းတမ်း စသည်တို့ကို ပြန်လည် သုံးသပ်ကာ နိုင်ငံတော်အဆင့်ထိ တင်ပြပေးမည့် အဖွဲ့တစ်ခု ဖြစ်သည်။

The Voice Weekly Myanmar