ဘန်ကောက်မြို့တော် ပိတ်ဆို့မှုအပေါ် ထိုင်းကာကွယ်ရေးဦးစီးချုပ် စိုးရိမ်

ပို့စ်တင်ချိန် - 1/12/2014 06:30:00 AM


ထိုင်းဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ လာမယ့်အပတ်မှာ ပြုလုပ်မယ့် မြို့တော်ပိတ်ဆို့မှုအပေါ် စိုးရိမ်တယ်လို့ ထိုင်းစစ်တပ်အကြီးအကဲ ပရာယုဒ် ချန်အိုချာက ဇန်န၀ါရီလ ၁၁ ရက်နေ့က ပြောကြားပါတယ်။

ဘန်ကောက်မြို့က ကလေးများနေ့အထိမ်းအမှတ် ပြပွဲတခုကို သွားရောက်ကြည့်ရှုရင်း အခုလို မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေ များလာတယ်။ ကျနော်တို့က ထိုင်းလူမျိုးတွေပဲ ဖြစ်တဲ့အတွက်ကြောင့် တဖက်နဲ့တဖက် ရန်ပြုတွေမလုပ်ဖို့ နှစ်ဖက်စလုံးကိုတိုက်တွန်းပါတယ်။ ကျနော်တို့ဟာ လွတ်လပ်စွာ ကွဲပြား တွေးခေါ်နိုင်ပေမယ့် တဦးကိုတဦး ရန်ပြုတိုက်ခိုက်လိုတော့ မရပါဘူး။ အကြမ်းနည်းကို မသုံးကြပါနဲ့။ ကျနော်တို့ရဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ လျော့ချရမယ် လို့ ပရာယုဒ် ပြောကြားခဲ့ပါတယ်။

အတိုက်အခံဆန္ဒပြခေါင်းဆောင် ဆူတစ်သောင်စုဘမ်က လာမယ့်ဇန်န၀ါရီလ ၁၅ ရက်ကနေ ၂၀ ရက်အထိ မြို့တော်ရဲ့အဓိကလမ်းမတွေကို ပိတ်ပြီး မြို့တော်ရဲ့ လုပ်ငန်းတွေကို ပိတ်ဆို့ဖို့စီစဉ်နေပါတယ်။

ရှစ်နှစ်ကြာဖြစ်ပွားလာခဲ့တဲ့ ဘန်ကောက်မြို့ကိုအခြေစိုက်တဲ့ ဘုရင်စနစ်လိုလားသူ လူလတ်တန်းစားတွေ နဲ့ ၀န်ကြီးချုပ်ယင်လပ်နဲ့ သူမရဲ့အကိုတို့ကို ထောက်ခံတဲ့ တောနေဆင်းရဲတဲ့လူတန်းစားနှစ်ခုကြား နောက်ဆုံးပဋိပက္ခလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ မြို့တော်လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၁၄၀၀၀ တိုးချဲ့ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၈၁ နှစ်အတွင်း အာဏာသိမ်းမှု ၁၈ ကြိမ်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ပရာယုဒ်ရဲ့ စစ်တပ်ကတော့ ဘယ်ဖက်မှမပါပဲ ကြားနေမယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံခြားရေးဝန်ကြီးကတော့ အစိုးရကို ပိတ်ဆို့ဖို့ ကြိုးစားရင်လည်း အရံနေရာတွေဖြစ်တဲ့ အမျိုးသားရဲဌာနချုပ်နဲ့ ဘန်ကောက်မြို့မြောက်ဖက်က စစ်တပ်တခုကနေ အစိုးရရဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ ပြောကြားပါတယ်။

စနေနေ့ နံနက်ပိုင်းက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ လူ ၇ ဦးဟာ ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

ယင်လပ်ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရက ဖေဖော်ဝါရီ ၂ ရက်နေ့မှ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဦးတည်နေပေမယ့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။
DVB Burmese