Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ပို့စ်တင်ချိန် - 1/12/2014 10:30:00 PM




ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် Valentine's Day ချစ်သူများနေ့ကို ရည်းစူးပြီး Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart throb, pull your heart strings, heart to heart နဲ့ to wear your heart on your sleeve အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart throb ဖြစ်ပါတယ်။ စာလုံးပေါင်းက Heart = အသဲနှလုံး၊ Throb = (ကြိယာ) ခုန်သည်။ တနည်းတော့ ရင်ခုန်သည်။ ဒီနေရာမှာ heart နဲ့ တွဲသုံးထားတဲ့ throb ကတော့ ရင်ခုန်စေတဲ့လူကို ဆိုလိုပါတယ်။ ရင်ခုန်တယ်ဆိုတော့ ကိုယ်ကမေတ္တာရှိလို့ အမျိုးသမီး သို့မဟုတ် အမျိုးသားကို တွေ့မြင်လိုက်ရင် ရင်ခုန်တယ်၊ စိတ်လှုပ်ရှားတယ်၊ ဖီလင် (feeling) တက်လာခြင်း သဘောဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုရင်ခုန်စေတဲ့ ကိုယ့်ချစ်သူ သို့မဟုတ် ကိုယ့်ကနှစ်သက်သဘောကျနေတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော် စသဖြင့်တို့ကို ကိုယ့်ရဲ့  heart throb တနည်း အသဲစွဲလို့ ဘန်းစကားအရ ပြောဆိုကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

During my mother's day, Elvis Presley was the heart throb of most teenage girls. They would scream every time he appeared on stage.

ကျနော့်အမေတို့ ခေတ်တုန်းက ဆယ်ကျော်သက် အမျိုးသမီးလေးတွေရဲ့  အသဲစွဲက Elvis Presley ဖြစ်တယ်။ သူ စတိတ်စင်ပေါ်တက်လာတိုင်း အမျိုးသမီးတွေက အသံကုန်အော်ဟစ် အားပေးကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ pull your heart strings ဖြစ်ပါတယ်။ စာလုံးပေါင်းက Pull = ဆွဲသည်၊ Your = သင်၏၊ Heart = အသဲနှလုံး၊ Strings = ကြိုးစများတို့ ဖြစ်ကြပါတယ်။ အသဲနှလုံးရဲ့  ကြိုးများကို ဆွဲယူသည် ဖြစ်ပါသည်။ ကျမတို့ မြန်မာမှာလည်း သံယောဇဉ်နှောင်ကြိုးတွေလိုမျိုး ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်ကတော့ အသဲနှလုံးမှာ ခံစားချက် ပြင်းထန်ကြီးမားတာမျိုးကို ဆိုလိုပါတယ်။ တနည်းတော့ ရင်ထဲမှာ၊ အသဲထဲမှာ ခိုက်စေတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မေတ္တာကြီးလို့ပဲဖြစ်ဖြစ်၊ အကြင်နာတရား ကြီးမားလို့ပဲဖြစ်ဖြစ်၊ သနားစိတ်ကြောင့်ဖြစ်ဖြစ် ရှိတဲ့ခံစားမှုမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The story we saw on TV about the victims of the Haiti earthquake last year pulled our heart strings.

မနှစ်တုန်းက ဟေတီမြေငလျင်သင့်တဲ့ လူတွေအကြောင်း တီဗွီပေါ်မှာ မြင်လိုက်ရတော့ ကျနော်တို့ တော်တော်လေး ရင်ထဲအသဲထဲမှာ စိတ်မကောင်းဖြစ် ခံစားကြရတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ heart to heart ဖြစ်ပါတယ်။ စာလုံးပေါင်းက Heart = အသဲနှလုံး၊ to = သို့၊ Heart = အသဲနှလုံး တို့ ဖြစ်ကြပြီး heart to heart က အသဲနှလုံးတခုမှ နောက်တခုသို့။ တနည်းအားဖြင့် အသဲနှလုံးအချင်းချင်းလို့ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အရှိကိုအရှိအတိုင်း သူ့စိတ်ထဲမှာရှိတာ၊ ကိုယ်စိတ်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြတာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

After having a good heart to heart talk with my friend, we understood each other much better and managed to be on better term.

ကျနော့်သူငယ်ချင်းနဲ့ ကျနော့်ကြား သူကလည်း သူ့စိတ်ထဲရှိတဲ့အတိုင်းပြော ကျနော်ကလည်း ကျနော့်စိတ်ထဲရှိတဲ့အတိုင်းပြောကြတော့ တဦးနဲ့တဦး ပိုမိုနားလည်းလာကြတယ်။ ခင်မင်မှုလည်း ပိုခိုင်မြဲလာတယ်။

နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ to wear your heart on your sleeve ဖြစ်ပါတယ်။ စာလုံးပေါင်းက To wear = ဝတ်ဆင်သည်၊ Your heart = သင်၏ အသဲနှလုံး On = အပေါ်မှာ၊ Sleeve = အင်္ကျီလက် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က အင်္ကျီလက်ပေါ်မှာ သင့်ရဲ့  အသဲနှလုံးကို တပ်ထား၊ တင်ထားတဲ့သဘော ဖြစ်ပါတယ်။ ကိုယ့်ရဲ့  လက်ပေါ်မှာ အသဲနှလုံးကို တင်ထားတပ်ထားတဲ့ တင်စားပြောတဲ့ သဘောကတော့ ကိုယ့်စိတ်ထဲ၊ ခံစားချက်ကို လူတွေက ကိုယ့်ကိုမြင်တာနဲ့ သဘောပေါက်ကြတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ အထူးသဖြင့် လူတဦးတယောက်အပေါ် မေတ္တာရှိနေပြီဆိုရင် အဲဒီလူကို ဘယ်လောက်ကြိုက်တယ်၊ ချစ်တယ်၊ မြတ်နိုးတယ်ဆိုတာကို ပေါ်လွှင်နေတဲ့သဘော ဖြစ်ပါတယ်။ အလားတူပဲ မုန်းတယ်ဆိုရင်လည်း ဘယ်လောက်မုန်းတယ်ဆိုတာကို သူရဲ့  အပြုအမှု၊ သူ့ပုံစံအရ သိသာနိုင်တာကို ဆိုလိုပါတယ်။

မေတ္တာနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All his friends know John is in love with Nancy. He wears his heart on his sleeve.

John တယောက် Nancy အပေါ် မေတ္တာရှိနေတယ်ဆိုတာကို သူ့ သူငယ်ချင်းတွေအားလုံး သိကြတယ်။ သူကလည်း သူဘယ်လို ခံစားချစ်မြတ်နိုးတယ်ဆိုတာကို လူတွေသိအောင် နေထိုင်ပြတယ်။
VOA Burmese News