ရုပ်သေးကြိုးဆွဲနည်း သင်တန်း အခမဲ့ သင်ကြားပေးမည်

ပို့စ်တင်ချိန် - 1/09/2014 06:40:00 AM


မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဝိုင်းရံနေသည့် မန္တလေးမြို့တော်တွင် မြန်မာ့ရုပ်သေး ပညာဖြင့် နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားမှု အများအပြား ရရှိခဲ့သည့် ဒေါ်မမနိုင် ရုပ်သေးဇာတ်ရုံမှ ပြည်တွင်းပြည်ပ ရုပ်သေးအတတ်ပညာ စိတ်ဝင်စားသူများကို ရုပ်သေးကြိုးဆွဲနည်း သင်တန်း အခမဲ့ သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ ရုပ်သေးဇာတ်ရုံပိုင်ရှင် ဒေါ်မမနိုင်က ပြောကြားသည်။ ပြည်တွင်းပြည်ပမှ ရုပ်သေးအတတ်ပညာ စိတ်ဝင်စားသူများကို ရုပ်သေးရုပ် တစ်ရုပ်တွင် ပါရှိသည့် ကြိုး ၁၂ ကြိုး ဆွဲနည်းမှစ၍ ရုပ်သေးရုပ်များ လူပုံစံကကွက်၊ ကဟန်များကို အကုန်သင်ကြားပေးမည် ဖြစ်ပြီး ရုပ်သေးပညာ သိကောင်းစရာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခြင်း၊ ရုပ်သေးရုပ်ဖြင့် ဇာတ်ကောင်များ ခင်းကျင်းခြင်း အတတ်ပညာ၊ ဇာတ်လမ်းဇာတ်ကွက်များတွင် ကပြရမည့် ရုပ်သေးအမျိုးအစားနှင့် ရုပ်သေးစင်တွင် ရုပ်သေးရုပ်များ အတန်းအစား ခွဲခြားထားပုံတို့ကို သင်ကြးပေးရန် အစီအစဉ်များ ရေးဆွဲထားကြောင်း ၎င်းက ရှင်းပြသည်။ ယင်းကဲ့သို့ ရုပ်သေးပညာကို အခမဲ့ သင်ကြားပေးရခြင်းမှာ ရုပ်သေး အတတ်ပညာကို လူငယ်မျိုးဆက်သစ်များ လက်ဆင့်ကမ်းလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ရုပ်သေးကပြပြီးတဲ့အချိန် နိုင်ငံခြားသားတွေက မြန်မာလူငယ် မျိုးဆက်တွေကို သင်ကြားပေးတာရှိ မရှိ မေးမြန်းမှု အမြဲရှိနေတာကြောင့် အခုလို ဖွင့်ဖြစ်တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။ ရုပ်သေးပညာနှင့် ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အနုပညာဦးစီးဌာန ပန်တျာကျောင်းတွင် သီးခြား သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်း မရှိသေးကြောင်း ရုပ်သေးပညာနှင့် ပတ်သက်ပါက ရန်ကုန်နှင့် မန္တလေးရှိ ယဉ်ကျေးမှု တက္ကသိုလ်များတွင်သာ သင်ကြားမှုရှိခဲ့ခြင်းကြောင့် မန္တလေးပန်တျာကျောင်းမှ ရုပ်သေးနှင့် ပတ်သက်ပြီး ဝါသနာပါသည့် အနုပညာရှင်များသည် ပြင်ပပညာရှင် ဆရာကြီးများထံသို့ တပည့်ခံ၍ သွားရောက် သင်ကြားမှုများရှိကြောင်း မန္တလေးတိုင်းဒေသကြီး အနုပညာဦးစီးဌာန အနုပညာရှင်များက တညီတညွတ်တည်း ပြောကြားသည်။ “ကျွန်တော်တောင် ရုပ်သေးပညာကို ပြင်ပပညာရှင်ကြီးတွေဆီမှာ သင်ရတယ်။ ယဉ်ကျေးမှု တက္ကသိုလ်ထွက် ရုပ်သေးပညာရှင်တွေကတော့ နိုင်ငံတော် ပွဲကြီးတွေမှာပဲ တွေ့ရတာ များတယ်” ဟု အဆိုပါဌာန ကျွမ်းကျင်(၃) ဦးရန်လင်းအောင်က ဆိုသည်။ ရုပ်သေးပညာကို အခြေခံပိုင်နိုင်စွာ သင်ယူလိုပါက သုံးလခန့် ကြာမှသာလျှင် အနည်းငယ် နားလည်မှုရှိပြီး စဉ်ဆက်မပြတ် လေ့ကျင့်မှု ရှိမှသာလျှင် ရုပ်သေးပညာကို ကျွမ်းကျင်တတ်မြောက်မှု ရှိနိုင်ကြောင်း ရုပ်သေးပညာရှင် ဦးသန်းညွှန့်က ပြောကြားသည်။ မြန်မာနိုင်ငံတွင် ရုပ်သေးရုပ် စတင်ထုတ်လုပ်မှုကို ညောင်ရမ်းခေတ်တွင် စတင်တွေ့ရှိခဲ့ရပြီး ဘကြီးတော်ဘုရင် လက်ထက်မှစ၍ သီပေါမင်း လက်ထက်ထိ ရုပ်သေးနှင့် သဘင်ဆိုင်ရာ အမိန့်တော်များ တိကျစွာ ပြဋ္ဌာန်းမှုရှိခဲ့ကာ ကိုလိုနီခေတ်မှစ၍ ၁၉၈၈ ခုနှစ်ထိ မန္တလေးမြို့တော်၏ ထင်ရှားသည့် ဘုရားပွဲတော်များတွင် ထည့်သွင်း ပြသခဲ့ကြကြောင်း မန္တလေးဒေါ်မမနိုင် ရုပ်သေးစင် ပညာရှင်များထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ "
khit lu nge