ရှမ်းနီလူငယ်တစ်ဦး ကေအိုင်အေလက်မှ ထွက်ပြေးလွတ်မြောက်

ပို့စ်တင်ချိန် - 1/09/2014 12:50:00 PM


 မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မပြင်ကျေးရွာသား ရှမ်းနီလူမျိုး စိုင်းမျိုးဝင်းအောင်(ခ) မိုးသီး (ဘ) ဦးမောင်မောင် (ကွယ်လွန်) ဦးကျော်စံ(ပထွေး) အမိ ဒေါ်စင်းရှိန်၏ သာြးaဖစ်သူ ၂၃ နှစ် သည် မပြင်ကျေးရွာ မုန့်ညှင်းခင်းရွှေမှော်တွင် ရွှေလုငန်းလုပ်ကိုင်နေစဉ် (၂၀၁၃ စက်တင်ဘာလအတွင်းက) ကေအိုင်အေအဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ဇန်န၀ါရီလ ၆ ရက်နေ့က ပြန်လည်ထွက်ပြေးလွှတ်မြောက်ခဲ့သည်။
" ဖမ်းတဲ့အချိန်တုန်းက မပြင်ကနေ စက်လှေနဲ့ လဂျားယန်မှာတစ်ညအိပ်ရတယ်။ နောက်ရက်မှာ လုံးခင်းအောင်လံကို ဆိုင်ကယ်နဲ့ ခေါ်သွားပြီး အောင်လံမှာရှိတဲ့ ရင်း(၆) တပ်ရင်းက တပ်ခွဲမှူး မဂျီဆိုင်းရဲ့ အစ်ကို မဂျီလှတောင် အိမ်မှာ ၂လကျော်နေခဲ့ရတယ်။ အဲ့မှာတုန်းက မဂျီလတောင်နဲ့ သူ့ရဲ့တူတွေသားတွေနဲ့ နေရပြီး သူ့ရဲ့ ကုဋေမှော်က ကျောက်လုပ်ငန်းမှာ ကျောက်တူးရတယ်။ အဲ့မှာတုန်းက ကျွန်တော်ထွက်မပြေးနိုင်အောင်လို့လည်း သူတို့ကပဲ အမြဲစောင့်ကြည့်နေကြတာ။ အဲ့မှာ ၂လကျော်နေပြီး သင်တန်းတက်ရမယ်ဆိုပြီးကံစီး ရင်း ၆ တပ်ရင်း ကို ပို့တယ်။

ချက်ချင်းတော့ သင်တန်းမတက်ရသေးဘူး ။ လူမစုရသေးဘူးဆိုပြီး စောင့်နေရတယ်။ သင်တန်းမှူးက ဆရာတူးဆိုတဲ့ လူ။ သူက ထောက်လှမ်းရေး ပစ္စတိုတစ်လက်နဲ့ အရပ်ဝတ်နဲ့ ရွာထဲမှာနေတာ။ တလကျော်ကြာမှသင်တန်းတက်ရတာ။ စုစုပေါင်းသင်တန်းသား ၂၀ ကျော်တယ်။ ကချင်တွေပါတယ်။ လီဆူတွေပါတယ်။ ကျွန်တော်တို့ရှမ်းနီက ငါးယောက်လောက်ရှိတယ်။ အားလုံး ဖမ်းခေါ်လာတာ။သူတို့က ကားမိုင်းလမ်း လွယ်ချိုင်ဘက်က။ ကျွန်တော်က တပ်ခွဲမှူး မဂျီဆိုင်းနားမှာပဲနေရတာ။ သူက နှစ်ပွင့် ။ သူခိုင်းတာအကုန်လုပ်ပေးရတယ်။

တစ်ညကျွန်တော့်ကို စခန်းစောင့်ခိုင်းတုန်း အပြင်မှာ အိပ်ပျော်သွားတာနဲ့ အရိုက်ခံရသေးတယ်။ ပါးတွေရိုက်တာ။ ကျွန်တော့်ကို ကျောက်ကြည့် ဓာတ်မီးပေးထားတော့ ကျွန်တော်ပြေးလာတဲ့နေ့က၃ နာရီလောက်မှာ သူတို့အပြင်ထွက်သွားကြတုန်း အိမ်သာတက်မလို့ထွက်လာရင်း ထွက်ပြေးခဲ့တာ။ ကင်းသမားက အနားကပ်လာသေးတယ်။ ကျောက်ကြည့် ဓာတ်မီးကို မြေကြီးထိုးလိုက်တော့ ဒီလိုဓာတ်မီးမျိုးကဗိုလ်ကြီးဆီမှာပဲရှိတယ်ဆိုတာသိတော့ ပြန်သွားလိုက်တယ်။ တောလမ်းကနေလာလိုက်၊ ရွာပြင်ထွက်လိုက်နဲ့ နက်ရောက်တော့ လုံးခင်းမရောက်ခင် ဆန်ခါ စက်လှေဂိတ်မှာ စက်လှေသမားတွေကိုပြောပြီး လယ်ပြင်ဂိတ်ကိုလာခဲ့တယ်။

လယ်ပြင်ဂိတ်မှာ အရင်က သစ်ဆွဲခဲ့တဲ့လောပန်းအိမ်မှာ အကူညီတောင်းတော့ လောပန်းနဲ့တော့မတွေ့ဘူး သူ့သားက ပိုက်ဆံတစ်သောင်းနဲ့ အ၀တ်အစားတွေပေးခဲ့တယ်။ အစတော့ ကေအိုင်အေအ၀တ်အစားနဲ့လာခဲ့တာ ။ လမ်းမှာပစ်ထားလိုက်တယ်။ ကိုယ်ပိုင်နံပါတ်တော့မရသေးဘူး။ လယ်ပြင်ဂိတ်ကနေ တံတားညီနောင်ကို ဆိုင်ကယ်ငှားလာခဲ့ပြီး လာခဲ့တယ်။ တံတားညီနောင်မှာက ကေအိုင်အေ ဂိတ်ရှိလို့ အဲ့ဒီကနေ တောလမ်းအတိုင်း ခြေလျင်လျှောက်ပြီး လမ်းမှာတစ်ညအိပ်ပြီး နန့်ယားကိုလာခဲ့တယ်။ နန့်ယားရောက်တော့ အစိုးရစစ်တပ်ဂိတ်မှာ အကူအညီတောင်းပြီး ပျဉ်ကားနဲ့ မိုးကောင်းကိုလာခဲ့တာ။

မိုးကောင်းကနေ ဟိုပင်ကိုရထားစီး ပြီး အိပ်စရာမရှိလို့ မြဇေယျာထဲက ဘုန်းကြီးကျောင်းကို အကူအညီတောင်းပြီး အိပ်ခဲ့ရတယ်။ မှတ်ပုံတင်မရှိတော့ ဘုန်းကြီးက လ၀က ရုံးကိုသွားပြီးထောက်ခံစာလုပ်ခိုင်းတော့ သူတို့မြို့နယ်မဟုတ်လို့ဆိုပြီးလုပ်မပေးပဲ စရဖ ရုံးကိုသွားခိုင်းတယ်။ စရဖရုံးကလည်း အလင်းဝင်ဖို့ပြောတော့ ကျွန်တော်လည်းအလင်းတော့မ၀င်ချင်ဘူးဆိုပြီးထွက်လာတာ။

အလင်းဝင်ရင် သူတို့ဆီမှာအကြာကြီးနေရမယ်။ ပြီးတော့ ထောင်သားတွေလိုခိုင်းတာလို့ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးတစ်ယောက်က ဟိုပင်မှာ ရှမ်းနီအရေးတွေလုပ်နေတဲ့ ရှမ်းနီပါတီအဖွဲ့တွေရှိတယ်ဆိုပြီး သူတို့နဲ့ဆက်သွယ်ဖို့ပြောလို့ သူတို့နဲ့ဆက်သွယ်ပြီး သူတို့က ကျွန်တော်အတွက်လုံခြုံတဲ့ ဒီနေရာကို ပို့ပေးတာပါ။" ဟု စိုင်းမျိုးဝင်းအောင်က အပြည့်အစုံဖြေကြားသည်။

၎င်း ထွက်ပြေးလွတ်မြောက်လာခြင်းမရှိမီ ၎င်း ရှေ့တွင် ကေအိုင်အေ တပ်စခန်းမှ ကချင်လူငယ်တစ်ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ရှမ်းနီ လူငယ်တစ်ဦး ထွက်ပြေးရန်ကြိုးစားစဉ် ပြန်လည်ဖမ်းမိခဲ့သဖြင့် ခြေလက်ထိပ်များဖြတ်ကာ တိုင်တွင်ကြိုးခြည်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ကိုမြင်တွေ့ခဲ့ရသည် ဟုလည်း ၎င်းကပြောကြားသည်။

အင်းတော်ကြီးဒေသ မပြင်ကျေးရွာသည် အစိုးဌာနများ၏ ထိန်းချုပ်မူမှ လွတ်မြောက်နေပြီး ကေအိုင်အေတပ်သားများ မကြာခဏ ၀င်ထွက်သွားလာလျှက်ရှိကြောင်းသိရသည်။
ရှမ်းနီသတင်းဌာန