အိန္ဒိယ-မြန်မာနယ်နိမိတ် နှစ်နိုင်ငံတာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာပြီ

ပို့စ်တင်ချိန် - 1/09/2014 04:00:00 PM


တမူး၊ ဇန္န၀ါရီ ၉။

နှစ်နိုင်ငံနယ်နိမိတ် မပြီးပြတ်သေးသည့် BP 78 နေရာတွင် အိန္ဒိယအစိုးရမှICP ရုံးတည်ဆောက်ရန် စက်ယန္တရားများဖြင့် မြေတူး၊မြေညှိခြင်းများပြုလုပ်နေမှုကို ရပ်ဆိုင်းပေးရန် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ပြီးနောက်တွင် ဇန္န၀ါရီ(၆)ရက်နေ့က BP 76 နှင့် BP 79မှတ်တိုင်ကြားကို နှစ်နိုင်ငံမှတာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများ ပြုလုပ်ပြီဖြစ်ကြောင်း သိရသည်။

” နှစ်နိုင်ငံတိုင်းတာပြီး မြေပုံညွှန်းတွေ အပြန်အလှန်လဲလှယ်တယ်။မြေပြင်တွေ့ရှိချက်တွေကို အထက်ဌာနတွေတင်ပြီး
အပေါ်မှာထပ်ပြီးဆွေးနွေးရမှာပါ။ မြန်မာအစိုးရဘက်က နိုင်ငံခြားရေးဌာ၊ မြေတိုင်းဦးစီးဌာန၊ ကက-ကြည်းနှင့် ကျွန်တော် ပါတယ်။ ပြည်ထောင်စုအဆင့်ပါ။ ရုံးချုပ်ကလာတာ။ တိုင်းတာလို့ထွက်တဲ့ မြေပုံအပေါ် မူတည်ပြီး နိုင်ငံခြားရေးဦးစီးဌာနက
ပြန်ပြီးတော့ သံတမန်နည်းလမ်းအရချိတ်ဆက်ပြီးတော့ တွေ့ဆုံညှိနှိုင်းပွဲတွေ လုပ်မှာပါ။ အဲလိုလုပ်ပြီးမှပဲ အဖြေသိရမှာပါ ” ဟု တမူးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇောလင်းက ပြောသည်။

အိန္ဒိယအစိုးရဘက်မှ စစ်သံမှူး၊ကောင်စစ်ဝန်နှင့်မြေတိုင်းဦးစီးဌာမှသုံးယောက် စုစုပေါင်းငါးဦး ပါဝင်တိုင်းတာခဲ့ကြောင်း၊
BP 78 မှတ်တိုင်အနီးတွင် စက်ယန္တရားများဖြင့် မြေတူး၊ မြေညှိခြင်းများကိုလည်း ဇန္န၀ါရီ(၂)ရက်နေ့မှစ၍ ရပ်ဆိုင်း ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age