ဘန်ကောက်မြို့တော် ပိတ်ဆို့ဆန္ဒပြ စီမံကိန်း လာမည့်အပတ် စတင်မည်

ပို့စ်တင်ချိန် - 1/09/2014 04:20:00 PM

ဓာတ်ပုံ - ရိုက်တာ

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကို လာမယ့်အပတ်မှာ ပိတ်ဆို့ရေး စီမံကိန်းအတွက် ထောက်ခံတဲ့အနေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေကို တားမြစ်ဖို့နဲ့ အဓိကလမ်းမတွေကို ပိတ်ဆို့ဖို့ ဇန်န၀ါရီ ၉ ရက်နေ့က စုရုံး နေကြတာပါ။

အစိုးရ ဆန့်ကျင်သူတွေကရော၊ ထောက်ခံသူတွေကပါ ရေကုန်ရေခမ်း တိုက်ပွဲဝင်မယ်လို့ ပြောထားပေမယ့် စစ်တပ် ထိပ်တန်းဗိုလ်ချုပ်ကြီးကလဲ နိုင်ငံရေးကို ၀င်ရောက် စွက်ဖက်ဖို့ ငြင်းဆိုထားပါတယ်။ ဒါကြောင့် ၀န်ကြီးချုပ်ရဲ့ အနေအထားက မရေမရာ ဖြစ်နေတာပါ။
ထိုင်းနိုင်ငံဟာ ၈၁ နှစ်အတွင်း စစ်တပ်က အာဏာသိမ်းမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ဖူးတာ ဖြစ်ပါတယ်။ နောက်ဆုံးအာဏာသိမ်းမှုကတော့ လက်ရှိ ၀န်ကြီးချုပ်ရဲ့အကို ပြည်ပကို တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာပါ။

ဇန်န၀ါရီ ၁၈ ရက်နေ့မှာ ထိုင်းနိုင်ငံ တပ်မတော်နေ့အတွက် တင့်ကားတွေနဲ့ တခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ဘန်ကောက်မြို့ထဲ ရွှေ့လာနေလို့ နောက်ထပ် အာဏာသိမ်းမှု ဖြစ်လာဦးမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

လတ်တလော ဆန္ဒပြမှုတွေထဲမှာ အရှိန်အမြင့်ဆုံးကာလက လူ ၂ သိန်းထိ ဆန္ဒပြခဲ့ကြပြီး များသောအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်ကတော့ ရွေးကောက်ပွဲ မှတ်ပုံတင်ရုံးအပြင်ဘက်က ရုန့်ရင်းဆန်ခတ်မှုအတွင်း အမည်မသိ သေနတ်သမားတွေက အကြိမ်ရေ အတော်များများ ပစ်ခတ်ခဲ့လို့ ရဲ ၂ ယောက်နဲ့ တခြား လူ ၂ ယောက် သေဆုံးပါတယ်။

လာမဲ့ ၂၀၁၄ ဇန်န၀ါရီ ၁၄ ရက်နေ့မှာတော့ အစိုးရအဆောက်အဦတွေ ဘေးကင်းရေးနဲ့ မတည်ငြိမ်မှု ဖန်တီးဖို့ အားထုတ်မှုကို တားဆီးရေး စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ရဲအင်အား ၂ သောင်းကို ဘန်ကောက်မြို့တော် လမ်းတွေပေါ်မှာ တာဝန်ချထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကတော့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြောထားပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ ကျေးလက်လူထု အများစုရှိတဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေရဲ့ ကျောထောက်နောက်ခံနဲ့ ရွေးကောက်ပွဲကို နိုင်မယ့် အလားအလာ ရှိနေတာမို့ ဆန္ဒပြသူတွေက သူ့ကို ရာထူးက ဆင်းပေးစေချင်နေတာ ဖြစ်ပါတယ်။

အစိုးရရဲ့ ထင်ပေါ်ကျော်ကြားရေးမူဝါဒတွေကို လက်ရှိ ၀န်ကြီးချုပ်ရဲ့ အကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ကြိုးကိုင် ထိန်းချုပ်နေတာ ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို အပြစ်အနာအဆာတွေ ဖန်တီးနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အစိုးရနေရာမှာလဲ ရွေးကောက်တင်မြှောက်ခံ မဟုတ်တဲ့ ပြည်သူ့ကောင်စီနဲ့ အစားထိုး စေချင်နေပါတယ်။
DVB Burmese