မန္တလေးမြို့တွင်း စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု ရှင်းလင်းမည့် ဧရိယာထပ်တိုး

ပို့စ်တင်ချိန် - 1/09/2014 06:00:00 AM


၂၀၁၃ ခုနှစ် အတွင်းမှစကာ မြန်မာနိုင်ငံတွင် အလုပ်လုပ်ဆုံးမြို့တော် စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသည့် မန္တလေးမြို့တော်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကို TOW Truck ယာဉ်ဖြင့် ဆွဲယူရှင်းလင်းနေရာ ဇန်နဝါရီလဆန်းပိုင်းက စတင်၍ ဧရိယာထပ်တိုးကာ နေ့အချိန်တွင် သာမက ညအချိန် များတွင်လည်း ရှင်းလင်းနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာန ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောကြားသည်။ မန္တလေးမြို့ပေါ်တွင် မော်တော်ယာဉ်များရပ်နားမှု စည်းကမ်းလိုက်နာခြင်း အားနည်းခြင်းကြောင့် ယာဉ်ညအိပ်ခွန် ကောက်ခံချိန်တွင် စည်းကမ်းမဲ့ ရပ်နားထားမှုတွေ့ရှိပါက TOW Truck ယာဉ် ဖုန်းဆက်ခေါ်၍ ဆွဲယူရှင်းလင်းခြင်းကို လက်ရှိ ဇန်နဝါရီလဆန်းပိုင်းက စတင်အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ “ဆီးဂိမ်းရှိနေလို့ TOW Truck နဲ့ ဆွဲတာတွေ၊ ဒဏ်ရိုက်တာတွေ ခဏနားထားတာပေါ့။ ညအိပ် ယာဉ်ရပ်နားခွန်တွေကို ဒီဇင်ဘာလကစပြီး ကောက်ခံဖို့ အဖွဲ့၅ဖွဲ့ ဖွဲ့ထားတယ်” ဟု ၎င်းက ဆိုသည်။ မန္တလေးမြို့တွင်းရှိ စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်များကို TOW Truck ဖြင့် ဖယ်ရှား ရှင်းလင်းသည့် အစီအစဉ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လဆန်းက စတင်ခဲ့ခြင်းဖြစ်ပြီး မန္တလေးဈေးချို အနီးတစ်ဝိုက်တွင်သာ ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ၃၅ လမ်းမကြီး တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းနှင့် မြို့လယ်ဧရိယာတို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “TOW Truck နဲ့ ဆွဲတယ်ဆိုတာကလည်း သူတို့သတ်မှတ် နယ်မြေမှာ နာရီဝက်အထိ ရပ်ခွင့်ပေးတယ်လေ။ ချက်ချင်းကြီး ဖမ်းတာမျိုးမှ မဟုတ်တာ။ ကားတံခါးမှန်ချပြီး နာရီဝက်ကျော်အောင် ရပ်ထာားတဲ့ ကားတွေမှ ဖမ်းတာပါ။ မဖြစ်မနေရပ်မှ ရမယ်ဆိုရင်လည်း နာရီဝက်ပြည့်ရင် ထွက်သွားပြီးရင် နောက်တစ်ခေါက် ပြန်လာပြီး နာရီဝက်လောက်လာရပ်။ အဲဒါမျိုး လုပ်လို့ရတာပဲ။ သူသတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရင် အကောင်းဆုံးပေါ့” ဟု မန္တလေးမြို့တော်တွင် အငှားယာဉ်မောင်း သက်တမ်း နှစ် ၂၀ ကျော်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါ TOW Truck ဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသော ယာဉ်တစ်စီးလျှင် TOW Truck အသုံးပြုခ ကျပ်ငါးသောင်းနှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။  "
khit lu nge