ဗန်းမော်တွင် တမလန်းသစ်များ တရုတ်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရောင်းချ

ပို့စ်တင်ချိန် - 1/09/2014 11:40:00 AM


မြစ်ကြီးနား၊ ဇန်နဝါရီ ၇

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အတွင်း မြလယ်ကျေးရွာနှင့် ကောင်းတုံ ကျေးရွာအကြား ဧရာဝတီ မြစ်ကမ်းဘေးရှိ အောင်မြေသစ် ရောင်းဝယ်ရေးစခန်းမှ တစ်ဆင့် သစ်မာတန်းဝင် တမလန်းသစ်များ ကို တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့ ရောင်းချလျက် ရှိကြောင်း မြလယ်ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အတွင်းမှ တမလန်းသစ်များမှာ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် အောင်မြေသစ် ရောင်းဝယ်ရေးစခန်းကို ကြားခံကာ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ရှပ်ပြေး အမြန်ယာဉ်များဖြင့် အောက်ပျောက် (လျှို့ဝှက်) သယ်ဆောင်ပြီး လာရောက် ရောင်းချကြခြင်း ဖြစ်ကြောင်း အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းတွင် သစ်ထမ်းသည့် အလုပ်လုပ်ကိုင်သူ အသက် ၃၄ နှစ်ခန့် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြော ကြားသည်။

အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းသို့ ရောက်ရှိလာသော တမလန်း သစ်များကို လေးလုံးထိုးနှင့် ခြောက်လုံးထိုး မော်တော်ယာဉ်များဖြင့် သယ်ဆောင်ကာ မန်စီမြို့နယ်၊ ပါတော်နှင့် တိန်စိန်းဒေသရှိ သစ်ရောင်းဝယ်ရေး စခန်းများသို့ ထပ်ဆင့် ပို့ဆောင်ကြပြီး တရုတ်နိုင်ငံမှ ကုန်ချောအဖြစ် ပရိဘောဂ ပစ္စည်းများ၊ တံခါးများ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဟိုတစ်လောက နေပြည်တော်ကဆိုလား လာဖမ်းလို့ နားလိုက်ရတယ်။ အလုပ်ပြန်ဖြစ်တာ နှစ်ရက်လောက်ပဲ ရှိသေးတယ်။ ကချင်ပြည်နယ်မှာက သစ်မရှိတော့ဘူး။ ကိုင်းဖျားကိုင်းနားလောက်နဲ့ လုပ်စားနေရတာ။ ကချင်ပြည်နယ်က သစ်နဲ့ ကသာဘက်က သစ်ဆိုရင် ကသာဘက်က လာတဲ့ သစ်တွေက ဈေးပိုရတယ်” ဟု ယင်းအမျိုးသားက ဆိုသည်။

ယခင်က အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းတွင် တမလန်းသစ်နှင့်အတူ ကျွန်းသစ်များကိုပါ တရားမဝင် အရောင်းအဝယ် ပြုလုပ်ကြသော်လည်း ကျွန်းသစ်မှာ ဈေးရရှိမှု နည်းပါးသောကြောင့် ယခု နောက်ပိုင်းတွင် တမလန်းသစ်ကိုသာ အရောင်းအဝယ် ပြုလုပ်ကြကြောင်း တရားမဝင် သစ်ရောင်းဝယ် လုပ်ကိုင်သူများထံမှ သိရှိရသည်။

အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းတွင် တမလန်းသစ် ပေရှည် (ကိုးပေ) တစ်တန်လျင် တစ်သိန်းခုနစ်သောင်းကျပ် ဝန်းကျင်ခန့် ပေါက်ဈေး ရှိကြောင်း သစ်ဝယ်ရောင်း သမားများထံမှ စုံစမ်းသိရှိရသည်။

အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းတွင် တမလန်းသစ်များ တရားမဝင် ရောင်းဝယ်မှု ပြုလုပ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဗန်းမော်ခရိုင် သစ်တောရုံးသို့ ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူများ ခရီးလွန်နေကြောင်း ဝန်ထမ်းတစ်ဦးမှ ဖြေဆိုခဲ့သည်။

အောင်မြေ သစ်ရောင်းဝယ်ရေးစခန်း တည်ရှိရာဒေသတွင် မူလက မည်သည့် စခန်းမျှ မရှိခဲ့ဘဲ ၂၀၁၀-၂၀၁၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်နှင့် ကချင်ပြည်နယ်ပြင်ပမှ သစ်များကို တရားမဝင် သယ်ဆောင် ရောင်းဝယ်ကြသော အချိန်မှစ၍ အောင်မြေ သစ်ရောင်းဝယ်ရေး စခန်းဟူ၍ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောကြားသည်။

The Voice Weekly Myanmar