ဝိုင်းမော် ရွှေကျင် လုပ်ငန်းများကြောင့် အူဂန်းဘွမ် ရေဝေရေလဲဒေသ ပျက်စီးမည်ကို စိုးရိမ်

ပို့စ်တင်ချိန် - 2/01/2014 04:36:00 PM


မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာ အုပ်စုအတွင်းရှိ အူဂန်းဘွမ် ရေဝေရေလဲဒေသ အနီးတစ်ဝိုက်တွင် ဓာတုပစ္စည်းများ အသုံးပြု၍ ရွှေတူးဖော် ချက်လုပ်နေခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

နောင်းချိန်းကျေးရွာ အုပ်စုအတွင်း ပုန်ဒုန်းကွင်းနှင့် ထွယ်ဆန်ယန် ကွင်းများရှိ ကုန်းမြင့်များအား လိုဏ်ခေါင်းတူး၍ အတွင်းမှ ရွှေပါသည့် ကျောက်သားကို ထုတ်ယူကာ ကြိတ်ပြီးနောက် ရရှိလာသော မြေစာမှုန့်များကို ရွှေ ချက်ကန်များအတွင်း ဓာတုပစ္စည်းများ ထည့်သွင်းကာ ရွှေချက်ကြောင်း၊ ထွက်ရှိလာသည့် စွန့်ပစ် ရေများသည် နောင်းချိန်းကျေးရွာ အုပ်စုအတွင်းရှိ မိုင်ဆော်ချောင်းအတွင်း စီးဝင်နေခြင်းကြောင့် ဒေသခံများက စိုးရိမ်နေခြင်း ဖြစ်ကြောင်း နောင်းချိန်းရွာသား ဦးဂွမ်ဆိုင်းက ပြောဆိုသည်။

“တစ်နယ်လုံးက လယ်သမားတွေနဲ့ ကျွဲ၊ နွားတွေက ဒီရေဝေရေလဲကို အားကိုးနေရတာ။ ဆာရင်နိုက် ပျော်ဝင်နေတဲ့ ရေတွေက လယ်ကွင်းတွေထဲကို တိုက်ရိုက်ရောက်မှာ။ မနှစ်ကလည်း တစ်နယ်လုံးက ကျွဲ၊ နွားအကောင်ရေ ၂၀၀ လောက် သေသွားတယ်” ဟု ဦးဂွမ်ဆိုင်းက ဆိုသည်။

ဓာတုအဆိပ် ပျော်ဝင်နေသည့် ချောင်းရေကြောင့် စပါးခင်းများ အငွေ့ရိုက်ကာ ပျက်စီးခဲ့ရသည့်အပြင် အထွက်နှုန်း လျော့နည်းမှုများလည်း ရှိကြောင်း စပါးခင်းများ ပျက်စီးခဲ့ရသူ ဦးလွှမ်းဇောင်းက ပြောကြားသည်။

ရွှေချက်ကန်အနီးသို့ ကျန်းမာရေး မကောင်းသူများနှင့် နှလုံး အားနည်း ရောဂါရှိနေသူများကိုမူ လာရောက်ရန် ခွင့်ပြုထားခြင်း မရှိကြောင်း ရွှေချက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“ရွှေချက်တဲ့ နေရာမှာ ဆေးအဖြစ် ဆာရင်နိုက်၊ ကော့စတစ်၊ အမိုးနီးယား ဒီသုံးမျိုးကို သုံးပြီး ရေနဲ့ ချက်တယ်။ ထွက်လာတဲ့ ရေကို ကာဗွန်နဲ့ ရွှေရအောင် ပြန်ဖမ်းတယ်” ဟု ထွယ်ဆန်ယန် ကွင်းတွင် ရွှေတူးဖော်နေသည့် အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အူဂန်းဘွမ် ရေဝေရေလဲ ဒေသကို ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ အစုအဖွဲ့ပိုင် သစ်တောဧရိယာအဖြစ် သတ်မှတ်ကာ ထိန်းသိမ်းလျက် ရှိကြောင်း နောင်းချိန်းကျေးရွာ အစုအဖွဲ့ပိုင် သစ်တော ဥက္ကဋ္ဌ ဒေါ်ခေါင်နန်းထံမှ သိရသည်။

The Voice Weekly Myanmar