ပညာရေးစနစ်မှာ တိုင်းရင်းသားဘာသာစကား ထည့်သွင်းဖို့ NNER နှစ်ရက်ကြာ ဆွေးနွေး

ပို့စ်တင်ချိန် - 2/01/2014 07:19:00 PM


ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေကအစ မြန်မာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် ဘာသာစကား အခက်အခဲရှိတာကြောင့် ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာအဖြစ် ဇန်နဝါရီလ ၃၁ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER က ဦးဆောင်ပြီး ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ အစိုးရက ပညာရေးအဆင့်မြှင့်တဲ့ တူကြမ်းထဲမှာ တိုင်းရင်းသားအရေးထက် အမျိုးသားရေးဆိုပြီး တွင်တွင်သုံးနေတာကြောင့်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေနဲ့ အဆင်ပြေစေချင်ရင် လူများစုက လျှော့ပေးရမှာဖြစ်ပြီး ချင်းလူမျိုးစုတွေဟာ မျိုးနွယ်စု အများကြီးရှိပေမယ့် အခြေခံစကားတူတာကြောင့် သင်ရိုးညွှန်းတမ်းသတ်မှတ်ရင် အခက်မတွေ့ဘူးလို့ ဆလိုင်း ထွန်းလှိုင်က ဆိုပါတယ်။

အင်းစိန် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပနေတဲ့ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကယားပြည်နယ် က ဆရာမ မော်ကိုမြာက လက်ရှိအစိုးရရဲ့ သင်ရိုးညွှန်းတမ်းကြောင့် တိုင်းရင်းသားတွေဟာ မိခင်စကား လည်း ကောင်းကောင်းမတတ်၊ ရုံးသုံးစကားလည်း ကောင်းကောင်းမတတ်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

NNER အနေနဲ့ တိုင်းရင်းသားကဏ္ဍပါဝင်တဲ့ ရုံးသုံးဘာသာ သင်ရိုးညွှန်းတမ်းနဲ့ ပြည်နယ်အလိုက် တိုင်းရင်းသားဘာသာ သင်ရိုးညွှန်တမ်းဆိုပြီး နှစ်မျိုးကို လိုလာနေတာဖြစ်ပြီး ပြည်နယ်အသီးသီးက ၂ဝဝကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Kamayut Media