သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်မြောက်လာသူအား နယ်မြေရဲစခန်းက လက်မှတ် ထိုးခိုင်းနေခြင်းအပေါ် နိုင်/စစ်ကော်မတီ မေးခွန်းထုတ်

ပို့စ်တင်ချိန် - 2/01/2014 07:17:00 PM


၂၀၁၃ ခုနှစ် မေလက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူတစ်ဦးဖြစ်သည့် ဦးစိုင်းတင်မင်းကိုအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရဲစခန်းမှ ဒုရဲအုပ်နယ်ထိန်း ဦးနိုင်အောင်က တစ်ပတ်တစ်ကြိမ် လာရောက်လက်မှတ်ထိုးရန် စေခိုင်းခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်မှာ အောက်ခြေ၀န်ထမ်းများအပေါ် သက်ရောက်ခြင်းမရှိသည့်အတွက် မေးခွန်းထုတ်လိုက်သည်။

ဦးစိုင်းတင်မင်းကိုသည် ၂၀၁၃ ခုနှစ် မေလက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာစဉ်က ၄၀၁၊ အပိုဒ် ၁ ဖြင့် လွှတ်ပေးခဲ့သော်လည်း လက်မှတ်ထိုးခဲ့ရခြင်း မရှိကြောင်းနှင့် လွတ်မြောက်လာပြီး ခြောက်လခန့်ကြာမြင့်ချိန်တွင် နယ်မြေခံရဲမှ တစ်ပတ်တစ်ကြိမ် ရဲစခန်းသို့ လာရောက်လက်မှတ်ရေးထိုးပေးပါရန် ပြောကြားခဲ့သည် ဟု The Daily Eleven ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ထို့နောက် ဦးစိုင်းတင်မင်းကိုက NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်အားသွားရောက်တိုင်ပင်ခဲ့ရာ ဦးကျော်ကစခန်းသို့ လိုက်လံမေးမြန်းခဲ့သည့်အတွက် နယ်ထိန်း ဦးနိုင်အောင်က တစ်ပတ်တစ်ကြိမ်မှ နှစ်ပတ်တစ်ကြိမ်သို့ လျှော့ချပေးခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ ထိုသို့သွားရောက်ရသည့်အပေါ် ဦးစိုင်းတင်မင်းကိုက "ကျွန်တော့်အခွင့်အရေးကို လာနှောင့်ယှက်နေတယ်လို့ ခံစားရတယ်။ ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေလဲ ထိုးရတဲ့ ဖြစ်စဉ်တစ်ခုဆိုရင်တော့ ကျွန်တော်ကမပြောပါဘူး။ ထိုးပေးပါတယ်။ အခုတော့ ကျွန်တော့်တစ်ယောက်တည်းကိုမှ လာလုပ်နေတာဆိုတော့ ကျွန်တော့်အပေါ် ညစ်ပတ်သလိုဖြစ်နေတာပေါ့။ ကျွန်တော့်ကို ခရီးသွားမယ်ဆိုရင်လည်း အကြောင်းကြားရမယ်။ ခရီးကိုလည်း နှစ်ပတ်ထက် ပိုမသွားရဘူးဆိုတော့လေ။ ကျွန်တော့်အတွက် တော်တော်ခက်ခဲပါတယ်။ နယ်ထိန်းက ကျွန်တော့်ကိုပြောတာက ကိုစိုင်းတင်မင်းကို ခရီးသွားရင် ထီသိန်း ၃၀၀ ဆုပေါက်လို့ ကျွန်တော်တို့ မသိလိုက်ရင် ဘယ်လိုလုပ်မလဲလို့ပြောတော့ ကျွန်တော့်မှာ ထီတောင်ပေါက်ခွင့် မရှိသလိုဖြစ်နေတယ်။ ကျွန်တော့်ရဲ့ပုံမှန်လွတ်ရက်က ၂၀၁၆ မှ ဆိုတော့လေ ကျွန်တော်က ၂၀၁၆ အထိ လက်မှတ်ထိုးနေရမယ့်ပုံ ဖြစ်နေတယ်" ဟု ပြောကြားသည်။

ဦးစိုင်းတင်မင်းကိုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က "အဓိကကတော့ ဒါလုံးဝမဖြစ်သင့်ဘူး။ ကျွန်တော်တို့ တောင်းဆိုနေတာကိုက နိုင်ငံရေးအကျဉ်းသားအဖြစ် အသိအမှတ်ပြုပြီး ခြွင်းချက်မရှိ လွှတ်ပေးရေးပါ။ အခုလိုလွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကန့်သတ်ချုပ်ချယ်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်ပါဘူး။ လုံးဝရှုတ်ချပါတယ်" ဟု ပြောကြားပြီး သမ္မတအနေနှင့်လည်း အမိန့်ကြေညာချက်ပါ အချက်အလက်များအား အောက်ခြေအဆင့် ၀န်ထမ်းများအထိပါ နားလည်အောင် ရှင်းလင်းသင့်သည့်အကြောင်း ဖြေဆိုခဲ့သည်။ နိုင်စစ်ကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ပြီး အသွင်ကူးပြောင်းနေပြီဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့အား ဆက်လက်ဖိနှိပ်နေမှုများ ရှိနေဆဲဖြစ်သည်ဟု ဦးဘိုကြည်က ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားများအား ထောင်မှလွတ်မြောက်လာပြီး ဖြစ်သဖြင့် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပြန်လည်ပေးအပ်ရန်လည်း တိုက်တွန်းပြောဆိုလိုက်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို သမ္မတက နောက်ကြောင်းပြန်သက်ရောက်မှု မရှိစေရဘူးလို့ ကတိပေးထားသော်ငြားလည်း နယ်ထိန်းကနေ သူ့ရဲ့လုပ်ပိုင်ခွင့်အပေါ်မှာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ခြေချုပ်ပုံစံမျိုးတွေ လုပ်လာတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အပြင် သမ္မတကပေးထားတဲ့ ကတိအပေါ်မှာ နယ်မြေခံရဲအနေနဲ့ ချိုးဖောက်နေသလိုဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတာကို အပြင်းအထန် ကန့်ကွက်ပါတယ်။ သမ္မတအနေနဲ့ ကိုယ်ပေးတဲ့ကတိ တည်ဖို့အတွက် ပြည်ထဲရေးကနေ ထောင်ထွက်လက်မှတ်ပေါ်မှာ နောက်ကြောင်း ပြန်သက်ရောက်မှု မရှိစေရဆိုတဲ့ မှတ်ချက်လေး ရေးပေးစေချင်ပါတယ်။ လွှတ်ပေးပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးပေးဖို့ လိုပါတယ်။ တချို့တွေကိုလည်း နိုင်ငံကူးလက်မှတ်မပေးတာတွေ ရှိနေတာကိုလည်း ကြားနေရတယ်။ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဒုတိယနိုင်ငံသား၊ တတိယနိုင်ငံလို ပုံစံမျိုး ဆက်ဆံနေတာတွေအတွက် လုံးဝကန့်ကွက်တဲ့အပြင် အခုလိုဆက်ဆံတာကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်" ဟု ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်ရှိ ဒုရဲမှူး ဦးဇော်ဝင်းအား အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိချေ။

Eleven Media Group