မြန်မာ့ပိုးထည် ဖက်ရှင်ပြပွဲ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပြုလုပ်မည်

ပို့စ်တင်ချိန် - 2/01/2014 07:25:00 PM


မြန်မာလူမျိုးတို့ အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြသော ပိုးထည်စများဖြင့် နာမည်ကျော် ဒီဇိုင်နာများက ကွန့်မြူးဖန်တီး ချုပ်လုပ်ထားသော ဝတ်စုံများကို စုစည်းပြသမည့် ပိုးထည်ဖက်ရှင်ပြပွဲကို ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၇ နာရီတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းပွဲကို စီစဉ်သည့် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လှူဒါန်းရေးအဖွဲ့ (I.C.C.G) မှ ဒုတိယဥက္ကဋ္ဌ ဒေါ် Pauline ခင်မောင်လွင်က ပြောကြားသည်။ ပြည်တွင်းဖြစ် ပိုးထည်စများနှင့် ချုပ်လုပ်ထားသော ဝတ်စုံများကို ပြည်ပမှ လုပ်ငန်းရှင်များနှင့် သံတမန်များကို ဂုဏ်ယူစွာပြသလို၍ ယခုပွဲကို စီစဉ်ရခြင်းဖြစ်ကြောင်း၊ ယင်းပွဲတွင် မန္တလေးပိုးနှင့် အင်းလေးပိုးထည်များကို ပြသသွားမည်ဖြစ်ကြောင်း၊ အင်းလေးပိုးထည်များ ပြသရာတွင် ဇင်းမယ် မပေါ်ခင် ခေတ်က ရရှိခဲ့သော လွန်းတစ်ချောင်းထဲဖြင့် ပုံဖော်ရက်လုပ်ထားသော အင်းလေးပိုးများနှင့် တင်ဆက်ပြသမည် ဖြစ်ကြောင်း၊ ပိုးထည်ဖက်ရှင်ပွဲတွင် အင်းလေးဒေသမှ ဒေသခံများ၏ လွန်းတစ်ချောင်းနှင့် ရက်ကန်းရက်ခြင်းကိုလည်း ပြသရန် စီစဉ်ထားကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ နှစ်တစ်ရာ ပိုးထည်ဖက်ရှင် ပြပွဲ၏ လက်မှတ်ဈေးနှုန်းကို လက်မှတ်တစ်စောင်လျှင် ခြောက်သောင်းဖြင့် လက်မှတ်စောင်ရေ ၃၅၀ ရောင်းချသွားမည်ဖြစ်ပြီး ညစာစားသုံးခွင့်လည်း ပါဝင်ကြောင်း၊ ပွဲမှရရှိသော ငွေများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၊ လေဖြတ်ရောဂါ ကုသဆောင်နှင့် အထူးကြပ်မတ် ကုသဆောင် (ICU) အတွက် လိုအပ်လျက်ရှိသော ဆေးရုံသုံးပစ္စည်းများကို ဝယ်ယူလှူဒါန်းသွားမည် ဖြစ်ကြောင်း ဒေါ် Pauline ခင်မောင်လွင်က ပြောကြားသည်။ ယင်းပိုးထည်ဖက်ရှင် ပြပွဲတွင် လွန်ခဲ့သည့် နှစ် ၁၀၀၊ ၇၅ နှစ်၊ ၅၀ နှင့် ၂၅ နှစ်ခန့်က ထင်ရှားကျော်ကြားခဲ့သည့် ထသွားထလာနှင့် ပွဲနေပွဲထိုင်သွား အဝတ်အစား ဒီဇိုင်းများကို မော်ဒယ်လ် ၃၆ ဦးက ဝတ်ဆင်ပြသသွားမည် ဖြစ်ကြောင်း၊ ပွဲကို မိတ်ကပ်ပညာရှင် ခင်စန်းဝင်းနှင့် ဒီဇိုင်နာများဖြစ်သော မိုးကုတ်ပေါက်ပေါက်၊ လတ်လတ်၊ ပြည်စိုးအောင်၊ သွင်စုထွေးနှင့် ကောင်းမြတ်တို့အပြင် တေးသံရှင် နီနီခင်ဇော်တို့က ပါဝင်ကူညီမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖလှယ်ရေးနှင့် လှူဒါန်းရေးအဖွဲ့ (I.C.C.G) ထံမှ သိရသည်ဟု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် The Voice Saturday သတင်းစာတွင် ဖော်ပြထားပါသည်။

khit lu nge