မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ယာဉ်တန်း ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခံရ၊ သတင်းထောက်နှစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 2/01/2014 12:03:00 PM



မန္တလေး၊ ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် (၃၀) နှင့် (၃၁) ကြား အရောက်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေး ဝန်ကြီးတို့ လိုက်ပါလာသည့် ယာဉ်တန်းရှေ့ လမ်းပေါ်တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲခဲ့ရာ သတင်းထောက် နှစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းချိန်ကိုက်မိုင်း ပေါက်ကွဲမှုကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်းတို့ ဒဏ်ရာရရှိခြင်း မရှိကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်းတို့ လိုက်ပါလာသော ယာဉ်ရှစ်စီးပါ ယာဉ်တန်း မိုးကုတ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာစဉ် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်အချိန်တွင် နောင်ချိုမြို့နယ် ဒိုးပင်ရွာနှင့် ဟိုခိုရွာအကြား မိုင်တိုင်အမှတ် ၃၀ နှင့် ၃၁ ကြားတွင် ရှေ့ပြေးပွိုင့်ယာဉ် 3G/8511၊ ဟိုင်းလပ် Vigo ယာဉ်၏ ယာဘက်လမ်းဘေးမှ ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“လက်ဆွဲမိုင်းလို့ သိရတယ်။ ယာဉ်တန်းလာတာကို အချိန်နဲ့ကိုက်ပြီး လုပ်တာဖြစ်တယ်။ ပေါက်ကွဲသံကြားတော့ ကျန်တဲ့ယာဉ်တန်းတွေက လေးဖာလုံလောက် မောင်းပြေးရတယ်။ ပြန်ကြားရေး သတင်းထောက်နှစ်ဦး ဒဏ်ရာရတယ်။ အခြေအနေကတော့ မစိုးရိမ်ရဘူး။ အခု ဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နယ်မြေခံ တပ်ရင်းတွေကတော့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးကုတ်ရွှေဆိုင် ဓားပြ တိုက်ခံရမှု ဖြစ်စဉ် ကိစ္စအတွက်ပါ သွားရောက်ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူ နှစ်ဦးမှာ မန္တလေး နေ့စဉ်သတင်းစာမှ သတင်းထောက် ဦးမန်းကိုကိုနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ပြန်ကြားရေး သတင်းထောက် ဦးဇင်မင်းထွန်းတို့ ဖြစ်ကြောင်း မန္တလေး နေ့စဉ်သတင်းစာမှ သတင်းထောက် တစ်ဦးက ပြောကြားသည်။

The Voice Weekly