ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်တွင် ကုမ္ပဏီများ ပါဝင်ရေး ဆွေးနွေးမည်

ပို့စ်တင်ချိန် - 2/01/2014 07:24:00 PM


မြန်မာနိုင်ငံ စတော့အိတ်ချိန်း ဈေးကွက်ကို လာမည့် ၂၀၁၅ ခုနှစ်တွင် ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက် အမည်ဖြင့် တည်ထောင်သွားမည်ဖြစ်ရာ ကုမ္ပဏီများအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီ ဖြစ်ရေးအတွက် လုပ်ဆောင်ရမည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူများ Daiwa Securities Group ဥက္ကဋ္ဌ Mr.Shigeharu Suzuki နှင့် မြန်မာနိုင်ငံတွင် သုတေသနပြုလုပ်လျက်ရှိသော Daiwa Securities Group သုတေသနဌာနမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကပညာရှင်များက ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ထုတ်ပြန်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက “ဒီနေရာမှ ပွင့်လင်းမြင်သာမှုက အရေးအကြီးဆုံးပဲ။ စာရင်းအင်းတွေကို ကိုယ်ပြချင်သလို ပြလို့မရဘူး။ မိသားစုကို ပြတာတစ်မျိုး၊ အစိုးရကို ပြတာတစ်မျိုး၊ ပြည်သူကို ချပြတာတစ်မျိုး လုပ်လို့မရဘူး။ စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ဖို့အတွက် အနည်းဆုံးသုံးနှစ် အဲဒီစာရင်းတွေက အမှန်အကန် ဖြစ်နေရမယ်။ ကျွန်တော်တို့အနေနဲ့ တော်တော့်ကို လိုက်ရဦးမယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဖြစ်ရေး ပြည်တွင်းကုမ္ပဏီများ၏ လိုအပ်ချက်ကို ထောက်ပြသည်။ လာမည့် ၂၀၁၅ တွင် တည်ထောင်မည့် စတော့အိတ်ချိန်း ဈေးကွက်တွင် အများပိုင်ကုမ္ပဏီများသာ ပါဝင်နိုင်သည်ဖြစ်ရာ စတော့အိတ်ချိန်း ဈေးကွက်ကို မျှော်မှန်း၍ အများပိုင်ကုမ္ပဏီကြီးများ တည်ထောင်ထားကြသော်လည်း အများပိုင် ကုမ္ပဏီများ၏ အရှုံးအမြတ်၊ ဝင်ငွေနှင့် ထွက်ငွေ၊ ရှေ့ဆက်လုပ်ဆောင်မည့် စီမံချက်များကို ပြည်သူများသို့ ချပြရာတွင် အားနည်းချက်များရှိကြောင်း ၎င်းက ဆိုသည်။ စတော့အိတ်ချိန်း ပေါ်ပေါက်လာပါက အဆိုပါ အိတ်ချိန်းတွင် ပါဝင်သည့် ကုမ္ပဏီများတွင် အစုရှယ်ယာ ဝယ်ယူရင်းနှီးမြှုပ်နှံရာ၌ ယင်းကုမ္ပဏီ၏ လုပ်ရည်ကိုင်ရည်၊ ရှေ့အလားအလာ၊ အကျိုးအမြတ်တို့ကို ပြည်သူများက လေ့လာဆန်းစစ်ရန် လိုအပ်သည်ဟု သီလဝါစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဂျပန်နိုင်ငံ မေဂျီပြုပြင် ပြောင်းလဲရေး နောက်ပိုင်း ၁၈၇၆ ခုနှစ်မှ စတင်ကာ ဂျပန်စတော့အိတ်ချိန်း ဈေးကွက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဂျပန်နိုင်ငံ၏ အကူအညီကို ရယူကာ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်ရေး ကြိုးစားနေခြင်း ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ ""

khit lu nge