ကျောက်မျက်ပြပွဲ လပိုင်းအလို ကျောက်စိမ်း မှောင်ခိုတင်ပို့မှု သိသာစွာမြင့်တက်

ပို့စ်တင်ချိန် - 2/01/2014 07:27:00 PM


မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ရန် တစ်လမျှအလိုတွင် မူဆယ်နယ်စပ်မှတစ်ဆင့် ကျောက်စိမ်းမှောင်ခို တင်ပို့မှုများ သိသာစွာ မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ တရားမဝင် ကုန်သွယ်မှု ရွေ့လျားမှောင်ခို တိုက်ဖျက်ရေး အဖွဲ့များက မူဆယ် ကုန်သွယ်ရေးဇုန် အနီးတွင် ဇန်နဝါရီလအတွင်း ကျောက်စိမ်းမှောင်ခို ၁၇ မှု ဖမ်းဆီးနိုင်ခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိမှုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိသည့် ကျောက်စိမ်းအမှုရှစ်မှုထက် နှစ်ဆကျော် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအရိုင်းတုံးများ ပြသမှုကို လျှော့ချ၍ အချောထည်များကို ပိုမိုပြသမည်ဖြစ်ရာ ကျောက်စိမ်းများကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှု ပိုများလာခြင်း ဖြစ်နိုင်သည်ဟု ကျောက်မျက်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။ ဒီဇင်ဘာလနှင့် ဇန်နဝါရီလ နှစ်လပေါင်းတွင် ကျောက်စိမ်းမှောင်ခိုမှ ကျပ်သန်း ၁၀၆၂ ကျော် ဖမ်းဆီးရမိခဲ့ပြီး ဇန်နဝါရီလအတွင်း ကျောက်စိမ်းမှောင်ခိုများကို ရက်ခြား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမူ တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှတစ်ဆင့် တင်ပို့မည့် ကျောက်စိမ်းဘယက် အကုံး ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။ အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အလွန် ယူကလစ်တောတွင် ကျောက်စိမ်း ကီလိုဂရမ် ၁၈၀၀ နီးပါး ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါအရာရှိက ထပ်မံ ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကမူ ကျောက်စိမ်းမှောင်ခို ၁၄၄ မှုမှ တန်ဖိုးငွေကျပ် ၁၈၃၆ သန်းကျော် ဖမ်းဆီးရမိခဲ့သည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။""

khit lu nge