ဖွင့်နိုင်၊ သိမ်းနိုင်တဲ့ အမိုးရှင်တစ်ခု ပါဝင်မယ့် ဘာနေဗျူးကွင်း ပုံစံသစ်ကို ရီးယဲမက်ဒရစ်ကြေငြာ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးကွင်းအဖြစ် ပြောင်းလဲမည်။

ပို့စ်တင်ချိန် - 2/01/2014 04:20:00 PM


စပိန်ထိပ်သီးကလပ်၊ ရီးယဲလ်မက်ဒရစ်ဟာ သူတို့ ရဲ့ အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး ကို ဒီဇိုင်းပြန်လည် ရေးဆွဲ ပြင်ဆင်မယ့် အစီအစဉ်ကို မနေ့ ကထုတ်ဖော်ကြေငြာလိုက်ပါတယ်။

ဘာနေဗျူးကွင်းကို ဒီဇိုင်းပြင်ဆင်ဖို့ နိုင်ငံတကာကုမ္ပဏီတွေကို တင်ဒါခေါ်ယူခဲ့ရာမှာ ဂျာမန် ဗိသုကာကုမ္ပဏီ GMP ရဲ့ ဒီဇိုင်းပုံစံက ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘာနေဗျူးကွင်းကို မွမ်းမံမယ့် လုပ်ငန်းကို ဒီရာသီကုန်မှာ စတင်မှာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ပြီးဆုံးမှာဖြစ်တယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက တရားဝင် ကြေငြာခဲ့ပါတယ်။

ဘာနေဗျူးကွင်းကို အရွယ်အစားထပ်မံချဲ့ ထွင်သွားမှာဖြစ်ပြီး ရုပ်သိမ်းနိုင်တဲ့ အမိုးတစ်ခုကိုလည်း ဘာနေဗျူးကွင်းမှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။

“ ဆန်တီယာဂိုဘာနေဗျူး ကွင်းကို ကမ္ဘာ့အကောင်းဆုံးဘောလုံးကွင်းတစ်ကွင်းဖြစ်အောင် လုပ်ဖို့ ကျွန်တော်  တို့ ရည်မှန်းထားပါတယ်” လို့  ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ် က ပြောကြားသွားပါတယ်။

“ ဒီ ပရောဂျက်ဟာ ကျွန်တော်တို့ အသင်းရဲ့ ပုံရိပ် ၊ အမှတ်အသား သာမက မက်ဒရစ်မြို့ ရဲ့ ဂုဏ်ယူစရာ တစ်ခုပါ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”

ဒီပရောဂျက်အတွက် ပေါင် သန်း ၃၃၀ ကျော်သုံးစွဲမှာ ဖြစ်တယ်လို့ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်း တစ်သင်း ဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းက ကြေငြာခဲ့ပါတယ်။ အခုလက်ရှိ ဘာနေဗျူးကွင်းဟာ ၈၅ ၄၅၄ ဦး ဆန့် ဝင်ပြီး အခုပြန်လည်ပြင်ဆင်မှုပြီးရင် ဒီအရေအတွက်ထက် အများကြီး ပိုဆန့် ဝင်လိမ့်မယ်လို့ ရီးယဲလ် အသင်းက အတည်ပြုထားပါတယ်။

Trend Myanmar