တရုတ် အဖမ်းအဆီးကြောင့် မြန်မာ့ဆန် တံဆိပ်မပါဘဲ ရောင်းရန် မူဆယ်နယ်စပ်တွင် သတိပေး

ပို့စ်တင်ချိန် - 4/26/2014 04:49:00 PM


ရန်ကုန်၊ ဧပြီ ၂၅

မြန်မာ့ဆန်ကို မူဆယ်နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရောင်းချရာတွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေ၍ တံဆိပ်မပါသည့် အိတ်များဖြင့် ရောင်းချရန် ကုန်သည်များကို သတိပေးထားကြောင်း မူဆယ်ဆန် ကုန်စည်ဒိုင်ထံမှ သိရသည်။

နယ်စပ်မှ ဝင်ရောက်၍ တရုတ်နိုင်ငံ အတွင်းသို့ ရောက်ရှိသွားသော ဆန်များကို တရုတ်အာဏာပိုင်များက စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တရုတ်ကုန်သည်များမှာ မြန်မာ(သို့မဟုတ်) အင်္ဂလိပ်စာတန်း၊ တံဆိပ် ပါဝင်သည့် ဆန်အိတ်များကို တံဆိပ်နှင့် စာတန်းမပါသည့် အိတ်ဗြောင်များဖြင့် ပြောင်းလဲ သယ်ဆောင်ရလျက် ရှိခြင်းကြောင့် အခက်တွေ့နေရသဖြင့် မြန်မာ့ဆန်ကို အိတ်ဗြောင်များဖြင့် ထည့်သွင်းရောင်းချရန် သတိပေးထားရခြင်း ဖြစ်သည်ဟု အဆိုပါ ကုန်စည်ဒိုင်ထံမှ သိရသည်။

“တံဆိပ်အိတ်တွေနဲ့ အကြွေးရောင်းလိုက်လို့ တရုတ်ကုန်သည်က ဟိုဘက်မှာ အဖမ်းခံရရင် ဒီဘက်က မြန်မာကုန်သည်ကို အကြွေးမပေးနိုင်တာမျိုး၊ အဖမ်းမခံရအောင် အိတ်ခွံတွေကို တံဆိပ်မပါတဲ့ ဗြောင်အိတ်တွေနဲ့ လဲရင်လည်း အလုပ်သမားခတို့၊ အိတ်ခွံခတို့ တရုတ်ကုန်သည်တွေ ပိုကုန်တော့ မြန်မာဘက်ကိုလည်း ထိခိုက်မှု ရှိပါတယ်” ဟု အိတ်ဗြောင်များဖြင့် ထည့်သွင်းရခြင်း အကြောင်းကို မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက ရှင်းပြသည်။

မြန်မာနိုင်ငံဘက်မှ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် ရောင်းချခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံကမူ ယင်းနိုင်ငံ လယ်သမားများ၏ အကျိုးစီးပွားအတွက် တရားဝင် ဝယ်ယူခွင့် ပြုမထား၍ တရုတ်အာဏာပိုင်များက နယ်စပ်မှ ဝင်ရောက်လာသည့် ဆန်များကို စစ်ဆေးခြင်း ဖြစ်သည်ဟု အဆိုပါ မူဆယ်ဒေသမှ ဆန်ကုန်သည် အချို့က ပြောကြားသည်။

မြန်မာဆန်ကို မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံ ရွှေလီ၊ ကူမင်းအထိ တရုတ်ကုန်သည်များက သယ်ဆောင်လေ့ ရှိခြင်းကြောင့် လမ်းတွင် တရုတ်အာဏာပိုင်များက ဆန်ပွဲရုံနာမည်နှင့် တံဆိပ် ပါဝင်သည့် မြန်မာဆန်နှင့် ဗီယက်နမ် ဆန်များကို ဖမ်းဆီးလေ့ ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံ မန်စီမြို့တွင် တရုတ်ကုန်သည်တစ်ဦး သယ်ဆောင်သည့် ဆန်များ အဖမ်းခံရပြီး တရုတ်ယွမ်ငွေ ၃၀,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာ့လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံက တရားဝင် ဝယ်ယူရေးအတွက် လုပ်ဆောင်လျက် ရှိသော်လည်း မြန်မာ့ဆန်ကိုမူ လက်ရှိအချိန်ထိ တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly