မန္တလေးတွင် မီးသုံးစွဲမှု ဆက်လက် မြင့်တက်နေပါက စက်မှုဇုန် ဓာတ်အားသုံးစွဲမှု ယာယီရပ်နားရန် မေတ္တာရပ်ခံမည်

ပို့စ်တင်ချိန် - 4/26/2014 01:15:00 PM


မန္တလေး၊ ဧပြီ ၂၅

အပူချိန် လွန်ကဲနေမှုများကြောင့် မန္တလေးမြို့ခံများ လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်နေခြင်းကြောင့် ဝန်နှင့် အားမမျှသည့် အခြေအနေ ဖြစ်နေသဖြင့် အများပြည်သူ သုံးစွဲမှု ဆက်လက် မြင့်တက်နေပါက မန္တလေးစက်မှုဇုန်ကို လျှပ်စစ်မီး မသုံးစွဲရန် မေတ္တာရပ်ခံမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေ မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု သိသိသာသာ မြင့်တက်လာပြီး ယင်းသို့ မီးအားသုံးစွဲမှု မြင့်တက်နေပါက မန္တလေးစက်မှုဇုန်ကို ညနေ ၅ နာရီမှ ၁၀ နာရီအထိ လုပ်ငန်းမလုပ်ရေး မေတ္တာရပ်ခံရန် အစီအစဉ်ရှိကြောင်း ၎င်းကဆိုသည်။

ယင်းသို့ သုံးစွဲမှု မြင့်တက်နေသော်လည်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်း ရှိနေသဖြင့် လျှပ်စစ်မီး မပျက်နိုင်သော်လည်း မီးသုံးစွဲမှုများကြောင့် ထရန်စဖော်မာ ခံနိုင်ရည် မရှိသဖြင့် မီးပျက်နေရာ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ မီးအားမြင့်တက်မှု ရှိမရှိကို စောင့်ကြည့်နေရကြောင်း ဝန်ကြီးက ထပ်မံ ပြောကြားသည်။

ယင်းသို့ လျှပ်စစ်မီး သုံးစွဲမှုမြင့် တက်နေသဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်း ထရန်စဖော်မာ ပျက်စီးခြင်းနှင့် မီးကြိုးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေသည့်အတွက် မီးပျက်မှုများ ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။

“မီးကို တစ်ပြိုင်တည်း အများကြီး သုံးတော့ ကြိုးတွေက မခံနိုင်တော့ဘူး။ အများပြည်သူ မီးကို မသုံးသင့်တာ မသုံးရင်တော့ လျှပ်စစ်ဓါတ်အား သုံးစွဲမှု လျော့နည်းလာရင် မီးပြတ်တာတွေ ဖြစ်မှာ မဟုတ်တော့ပါဘူး။ အဲဒီအတွက်လည်း အများပြည်သူကို နှိုးဆော်စာ ထုတ်မှာပါ” ဟု လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ချမ်းအေးသာစံမြို့နယ် ၆၅ လမ်းနှင့် သိပ္ပံလမ်းဒေါင့်ရှိ ၃၃/၁၁ ကေဗွီအေ ဓါတ်အားခွဲရုံတွင် ဧပြီလ ၂၅ ရက်နေ့ နံနက် ၂ နာရီခန့်က မီးကြိုး ရှော့ဖြစ်သဖြင့် အဆိုပါ ဓါတ်အားခွဲရုံမှ လျှပ်စစ်မီး ဖြန့်ဝေမှု ခေတ္တရပ်နားထားရပြီး ညနေ ၃ နာရီတွင် ဖြည်းဖြည်းချင်း လျှပ်စစ်မီး ဖြန့်ဝေပေးခဲ့ကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ သိရသည်။

နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား မနိုင်မှု ဖြစ်လာပါက စက်မှုလုပ်ငန်းရှင်များကို ယင်းလျှပ်စစ် ဓာတ်အားဖြင့် လုပ်ငန်း မလုပ်ကိုင်ရန် မေတ္တာရပ်ခံလေ့ ရှိသည်။

နွေရာသီကာလများ၌ မန္တလေးခရိုင်တွင် မီးသုံးစွဲမှု ၂၀၀ မဂ္ဂါဝပ် ရှိရာမှ လက်ရှိ ကာလအတွင်း ၂၀၄ မဂ္ဂါဝပ်ထိ တိုးလာသည့်အပြင် မန္တလေးတိုင်းဒေသကြီးတွင် မီးသုံးစွဲမှု ၃၃၂ မဂ္ဂါဝပ် ရှိလာကြောင်း အဆိုပါဌာန စာရင်းများအရ သိရသည်။

“ညနေပိုင်းက လုပ်ငန်းနားချိန်မို့ ညနေပိုင်း မီးမသုံးရရင်လည်း ကိစ္စတော့ မရှိဘူးလေ။ အခုလက်ရှိထိတော့ စက်မှုဇုန်မှာ မီးမပျက်သေးဘူး” ဟု ကိုးသုံးလုံး စက်မှုလက်မှုလုပ်ငန်းရှင် ဦးသိန်းညွန့်က ဆိုသည်။

The Voice Weekly