အများပြည်သူ အထိတ်တလန့်မဖြစ်ကြအောင် သတိပေးခြင်း

ပို့စ်တင်ချိန် - 4/26/2014 10:11:00 AM



HIV သတိပေးတာကောင်းပါတယ်။ သို့ပေမယ့် တိကျမှုမရှိတဲ့သတင်းဆိုရင်တော့ အများပြည်သူအတွက် အထိတ်တလန့်ဖြစ်အောင် လုပ်တာ မကောင်းပါဘူး။

“အချိန် ၃ မိနစ်လောက် ပေးပြီး ဖတ်ပေးပါခင်ဗျာ” ဆိုတဲ့ ခေါင်းစဉ်ပါ HIV သတိပေးချက်ကို ဖေ့စ်ဘွတ်မှာ တွေ့နေတာ ၂-၃ ရက်ရှိပါပြီ။

ကနေ့ တယောက်ကနေ မက်ဆေ့ခ်ျ ဘောက်စ်ထဲမှာ လာတင်ပါသေးတယ်။

• သတင်းပါအချက်အလက်တွေက ဘယ်လောက် ခိုင်မာသလဲ မပြောတတ်ပါ။
• ဆေးထိုးအပ်မှာ ပိုးပါ-မပါ ဘယ်ကနေ စစ်ဆေးသလဲ မသိပါ။
• ကူးစက်ခံရသူက ၄ လနဲ့ဆုံးတယ်ဆိုတာမှာ ဘယ်ရောဂါနဲ့ဆုံးသလဲ မသိပါ။

• ဖြစ်ရပ်က အမှန်အတိုင်း တမင်တကာ ရောဂါကူးအောင်လုပ်တယ်ဆိုရင် ရာဇဝတ်မှုမြောက်သင့်တယ်လို့ ယူဆပါတယ်။ ဥပဒေမရှိသေးရင် လုပ်သင့်ပါတယ်။

• "ခင်ဗျား HIV ပိုး အကိုက်ခံရပြီ"၊ "ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ်" စာတမ်းတွေပါ ထားခဲ့တယ်ဆိုတာ ပိုပြီးပြစ်မှုကြီးတယ်။ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့လုပ်တာမျိုးနဲ့ ဆင်နေတယ်။

• အမေရိကားမှာ ရောဂါပိုးပါတဲ့ စာအိတ်တွေ ပို့တဲ့ သတင်းတွေ ၂ဝ၁၃ ထဲကထွက်ခဲ့တယ်။ Anthrax ခေါ်တဲ့ ဒေါင့်သန်းရောဂါပိုး တွေသုံးပါတယ်။ ၁၆-၄-၂ဝ၁၃ နေ့က ဆီနေတာတဦးဆီကို Ricin ခေါ်တဲ့ အဆိပ် ပရိုတင်း ပါတဲ့စာအိပ် ရောက်လာတယ်။ အမှုက အခုထိ မပြီးသေးပါ။

• HIV ပိုးကို အဲလိုနည်းနဲ့ကူးအောင်လုပ်တာအတွက် အစိုးရိမ်မကြီးသင့်ပါ။ HIV ပိုးဟာ လူ့ကိုယ်ခန္ဓာထဲမှာသာ ပျော်တယ်။ ကိုယ်ထဲကနေအပြင်ရောက်တာနဲ့ ကြာကြာမနေနိုင်ပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ်အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိ မရှင်ပါ။ သူတို့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွက်နေရတာ ကြာလေလေ နည်းလာလေလေ ဖြစ်တယ်။ ကိုယ်ပူချိန် ၉၈့၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်နိုင်ပါ။

• ဒါကြောင့် ဆေးထိုးအပ်ထဲမှာ ဘယ်လောက်ကြာခဲ့သလဲ။ ရုပ်ရှင်ရုံမှာ ဘယ်လောက်ကြာပြီလဲ၊ ပိုးတကယ်ပါ-မပါနဲ့ ပါရင်လဲ ကူးစက်နိုင်လောက်အောင် များ-မများ စဉ်းစားရပါမယ်။
• တခြားကိုယ်ခန္ဓာအရည်တွေဖြစ်တဲ့ ဝမ်း၊ ဆီး၊ နှပ်၊ နှာရည်၊ မျက်ရည်၊ သွားရည်၊ ချွေး၊ အန်ဖတ်တွေထဲမှာ HIV ပိုးပါနေနိုင်ပေမဲ့ ကူးစက်နိုင်လောက်အောင် မပါဘူး။

• နောက်ပြီး HIV ပိုးကူးစက်ခံရပြီးနောက် AIDS အဆင့်ရောက်ဘို့ အချိန် ယူပါတယ်။ ဖြစ်ပြီး သေဆုံးဘို့လဲ အချိန် ယူပါသေးတယ်။ သုတေသနတခုအဆိုအရ ၁ဝ-၁၂ နှစ်ကြာမှ HIV ရှိသူဟာ AIDS ဖြစ်လာပါတယ်။
• သေဆုံးရသူတွေထဲမှာ HIV ကို လိင်လမ်းကနေကူးသူတွေနဲ့ တခြားနည်းလမ်းကနေကူးသူ မတူတာရှိတယ်။ ၁ဝ နှစ်ရှည်စာရင်းမှာ လိင်လမ်းကနေကူးတာပိုဆိုးတယ်။ ၅ နှစ်စာရင်းမှာ မူးယစ်ဆေးထိုးသူတွေက ပိုဆိုးတယ်။
• ခြုံတွက်ရင် ပိုးဝင်ပြီးနောက် ၁ဝ နှစ်ကြာသူတွေထဲက အသက် ၂၄ နှစ်အောက်ရှိသူတွေက ၄့၈% နဲ့ ၄၅ နှစ် အထက်တွေက ၄့၃% သေဆုံးတယ်။ အခုဆိုရင် ဆေးကုသနည်းတွေ ပိုကောင်းလာလို့ သေဆုံးမှုနှုန်းက ၉၆% အထိ ကျဆင်းလာပါတယ်။
• အသိပေးတာ သတိပေးတာကောင်းပါတယ်။ ခိုင်မာမှုကို အခြေပြုစေချင်ပါတယ်။ လူတွေကို အထိန်တလန့် မဖြစ်စေသင့်ပါ။

ဒေါက်တာတင့်ဆွေ
၈-၄-၂ဝ၁၄