မြန်မာမှ စင်္ကာပူ၊ မလေးကို ဆက်သွယ်သည့် ကေဘယ်လ်လိုင်း ပြတ်တောက်နေမှု ပြင်ဆင်ပြီးစီး

ပို့စ်တင်ချိန် - 6/24/2014 06:00:00 PM


မောင်မန်း

ရန်ကုန်၊ မဇ္ဈိမ။ ။ အရှေ့တောင်အာရှ ၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပ အနောက်ပိုင်းသို့ သွယ်တန်းထားသည့် ဆက်ကြောင်း Sea-Me-We 3 ရေအောက် ကေဘယ်လ်သည် စင်္ကာပူနှင့် မလေးရှားနိုင်ငံအကြား ရေပိုင်နက်တွင် ဇွန်လ ၂၀ ရက်မှ စတင်ပြတ်တောက်နေပြီး ဇွန် ၂၄ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးဖြစ်သည်ဟု
ပြည်ပဆက်သွယ်ရေး ဌာန (အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကိုပြောသည်။

ဦးစိုင်းစောလင်းထွန်းက “ ဇွန်လ ၂၀ ရက်က စတင်ပြတ်တောက်နေပြီး ဒီနေ့ ၂၄ ရက်မှာ ပြန်လည်ပြင်ဆင်ပြီးပြီလို့ မက်ဆေ့ခ်ျဝင်လာပါတယ်” ဟု ဆိုသည်။

ယင်းသို့ ပြတ်တောက်မှုကို ဇွန်လ ၂၅ ရက်တွင် ပြန်လည်ပြင်ဆင်ပြီးစီးမည်ဟု ခန့်မှန်းထားသော်လည်း ခန့်မှန်းထားသည့် ကာလ ထက်စောပြီး ပြန်လည် ပြင်ဆင် နိုင်ခဲ့ခြင်းဖြစ်သည်။ ပြတ်တောက်နေသည့် ကာလအတွင်း စင်္ကာပူနှင့် မလေးရှားနိုင်ငံများသို့ မြန်မာနိုင်ငံမှ ဆက်သွယ်မှု ပြတ်တောက်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံနှင့် စင်္ကာပူ၊ မလေးရှားနိုင်ငံတို့အကြား ပြတ်တောက်နေသည့် ဆက်သွယ်မှုလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်နေပြီဟုလည်း ဦးစိုင်းစောလင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများမှ ဥရောပ အနောက်ဘက်ပိုင်းသို့ ထပ်မံသွယ်တန်း နေသည့် Sea-Me-We 5 ကေဘယ်လ်သွယ်တန်းမှုကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်ရန် ခန့်မှန်းထားပြီး အဆိုပါသွယ်တန်းမှုပြီးစီးပါက ယခုကဲ့သို့ပြတ်တောက်ချိန်တွင် အရံလိုင်းအဖြစ်အသုံးပြုနိုင်မည် ဖြစ်သည်။

Mizzima Burmese