ဇွန်လအတွင်း ဓာတ်လိုက်ခံရ၍ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး လေးဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 6/24/2014 06:03:00 PM


ဖြိုးဝေလင်း| အင်္ဂါနေ့၊ ဇွန် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်။

ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁ ရက်မှ ၂၂ ရက်အထိ ဓာတ်လိုက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦးထက် မနည်းရှိခဲ့ပြီး ဒဏ်ရာရရှိသူ လေးဦးခန့်ရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးရှိ မှုခင်းမှတ်တမ်းများတွင် တွေ့ရသည်။

ယင်းသို့ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းမှာ သုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်နှင့် ပက် သက်ပြီးအသုံးပြုသည့်အခါ ပေါ့ဆစွာလုပ်ကိုင်နေခြင်းကြောင့် သေဆုံးခဲ့သူမှာ အများစုဖြစ်သဖြင့် လျှပ်စစ် အသုံးပြုသူများအနေဖြင့် လျှပ်စစ်ရုံးမှ ညွှန်ကြားချက်အတိုင်းလုပ်ဆောင်ရန်လိုအပ်ပြီး နေအိမ်အတွင်းရှိ လျှပ်စစ်ကြိုး အဟောင်းများလဲလှယ်ပါကလည်း ကျွမ်းကျင်သူများကိုခေါ်၍သာ ပြုလုပ်ရန်လိုအပ်သည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒု-ဥက္ကဋ္ဌဦးမောင်မောင်လတ်က ပြောသည်။

“ပြီးခဲ့တဲ့လကလည်း အိမ်ရှေ့မှာဆိုင်ခန်းလုပ်ဖို့ လက်သမားခေါ်ပြီးလုပ်ရာကနေ လာလုပ်တဲ့လက်သမား နှစ်ယောက်လုံးဓာတ်လိုက်ပြီး သေသွားတာတွေဖြစ်ဖူးတယ်။ အဲဒီတုန်းက လက်သမားတွေက သံဆန် ခါတပ်ဖို့ လျှပ်စစ်ကြိုးနဲ့မလွတ်တော့ သူတို့သဘောနဲ့ သူတို့ ဖြုတ်လိုက်တဲ့ခါမှာ ၀ါယာကြိုးက သံဆန်ခါကို ထိပြီးဓာတ်လိုက်သေတာ။ နောက်ပြီး သစ်ပင်ပေါ်တက်ရင်း ဓာတ်လိုက်သေတာတွေလည်းရှိတယ်”ဟု ၎င်းက ဆိုသည်။

ယခုမိုးရာသီကာလအတွင်းသို့ရောက် ရှိနေသဖြင့် လျှပ်စစ်နှင့်ပတ်သက်ပြီး ပိုမိုသတိထားရန်လိုအပ်ပြီး ဇွန်လ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း လူစည်ကားသည့်ဈေးလမ်းမပေါ်သို့ ဗို့အား(၄၀၀) ခန့်ရှိ သည့် ဓာတ်ကြိုးပြတ်ကျရာမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဌာနကို ပြည်သူလူထုက ဝေဖန်မှုများရှိနေပြီး ယင်းဓာတ်ကြိုးပြတ်ကျရခြင်းမှာ မီးအသုံးပြုသူများပြားပြီး ရာသီဥတုဒဏ်ကြောင့် အထက်ပါဖြစ်စဉ် ဖြစ်ပွား ရခြင်းဖြစ်သည်ဟု လျှပ်စစ်ရုံးက ပြန်လည်ပြောဆိုထားသည်။

မြို့တွင်းဖြန့်ဝေနေသည့် လျှပ်စစ်ဓာတ်အားပေး ထရန်စဖော်မာများနှင့် ပတ်သက်ပြီး လှိုင်မြို့နယ်၊ သုခ လမ်းအတွင်း နေထိုင်သူတစ်ဦးက“ကျွန်တော်တို့လမ်းထိပ်က ထရမ်စဖော်မာဆို ခဏခဏ ထထပါက် တယ်။ မီးတွေလည်းပွင့်ပြီး အသံကလည်း တော်တော်ကျယ်တယ်။ အခုလိုမိုးတွင်းကြီးမှာ ဒီလို ခဏခဏ ဖြစ်နေတာ လမ်းသွားလမ်းလာတွေအတွက် အရမ်းအန္တရာယ်များတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်း ဓာတ်လိုက်ခံရမှုကြောင့် အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိကာ ဇွန်လ ၉ ရက်နှင့် ၁၁ ရက်တွင်တစ်ရက်အတွင်း သေဆုံးသူနှစ်ဦး အထိ ရှိခဲ့သည်။

Mizzima Burmese