ထက်ထက်မိုးဦး ရေးတဲ့ “၁၇ နှစ်”

ပို့စ်တင်ချိန် - 6/24/2014 08:45:00 AM



၁၇ နှစ်ဆိုတာ ပြောလိုက်တော့သာ ၁၇ နှစ်ဆိုတာကို ဖြတ်သန်းရတာ လွယ်နေ တာ။ တကယ့်တကယ်ကျတော့ အဲဒီ ၁၇ နှစ်ကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ(လုံးဝ) မလွယ်ဘူး။ ၁ဝ နှစ်တာ ကာလကိုတောင် ဖြတ်သန်းရတာ မလွယ်ကူဘူး။ အဲဒီကာလမှာ ဖြတ်သန်းရတယ်။ အတွေ့အကြုံတွေ၊ ရုန်းကန်လှုပ်ရှားမှုတွေ၊ စိတ်ခံစားမှုတွေဆိုတာ မနည်းပေးဆပ်နေရတယ်။ ဘဝကို ဖြတ်သန်းကြရတယ်။

အခု ပေါ်ပြူလာ ဂျာနယ်ဆိုရင် ၁၇ နှစ်ဆိုတဲ့ အချိန်ကာလကြီးကို ဖြတ်ကျော်၊ ဖြတ်သန်းလာနိုင်တယ်ဆိုတာ အင်မတန်ကို အံ့သြချီးကျူးဖို့ ကောင်းတယ်။ လေးစားဖို့ကောင်းတယ်။ အားလုံးဝိုင်းဝန်းပြီး ကြိုးစားအားထုတ်မှုတွေ၊ ပရိသတ် တွေရဲ့ လက်ခံအားပေး နှစ်ခြိုက်မှုတွေနဲ့အတူ ၁၇ နှစ်ကို ဖြတ်ကျော်ခဲ့ကြ တယ်။ အခု ၁၇ နှစ်ပြည့်ဆိုတော့ ထက်ထက် အနေနဲ့ တအားကို ဂုဏ်ယူလေး စားမိတယ်။ ၁၇ နှစ်အတွင်းမှာ ထက်ထက်တို့ ကိုယ်တိုင်လည်း ရုန်းကန်ခဲ့ရ တယ်။ ကိုယ်တိုင်လည်း သည်းခံခဲ့ရတဲ့ အချိန်တွေရှိတယ်။ ဖြတ်ကျော်ခဲ့ရတဲ့ အချိန်တွေရှိတယ်။ ပြောရမယ်ဆိုရင် အများကြီးပါ။ ထက်ထက်နဲ့ ပေါ်ပြူလာ ဂျာနယ်ဟာဆိုရင်လည်း ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ပါပဲ။

အခု ပေါ်ပြူလာဂျာနယ် ၁၇ နှစ် အတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးရတော့ ပိုတောင်ပျော်နေပါသေးတယ်။ ပေါ်ပြူလာ ၁၇ နှစ်ပြည့် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ရတော့ ၁၇ နှစ်ကြီးများတောင် ပေါ်ပြူလာဂျာနယ်က ပြည့်သွားပြီလား ဆိုပြီးတော့ အံ့သြမိတယ်။ ပျော်တဲ့စိတ်နဲ့အံ့သြသွားတယ်။ ဘာဖြစ်လို့လဲဆို တော့ ပေါ်ပြူလာနဲ့ ထက်ထက် ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကတည်းက အတူ လက်တွဲ ရိုက်ခဲ့တာဆိုတော့ ရင်းနှီးမှုတွေရော၊ မိသားစုဝင်တွေလိုဖြစ်နေတာ ရော ဘယ်လိုပဲဖြစ်ဖြစ် ပေါ်ပြူလာဆိုတဲ့ နာမည်ဟာ စိတ်ထဲမှာ ရင်းနှီးနေတဲ့ နာမည်ပါ။ ထက်ထက် အနေနဲ့လည်း ၁၇ နှစ်အတွင်းမှာ ပေးဆပ်ခဲ့ရတယ်။ ဆုံးရှုံးခဲ့ရတယ်။ ရင်ဆိုင်ခဲ့ရတယ်။ အမျိုးစုံကို ၁၇ နှစ်အတွင်းမှာ ကျော်ဖြတ် လာခဲ့ရတယ်။ အခုအချိန်မှာ ထက်ထက်ကတော့ ပြန်ပြီး ကြိုးစားခွင့် ရချင်တယ်။ ရှင်သန်ခွင့် ရချင်တယ်။

ထက်ထက်မှာ အနုပညာနဲ့ ပတ်သက်လာရင် ကြိုးစားချင်တဲ့ စိတ်ကတော့ အပြည့်ရှိတယ်။ အဲဒါ ကြောင့် ပေါ်ပြူလာ ၁၇ နှစ်ပြည့် ပရိသတ်အတွက် ဓာတ်ပုံတွေကို စိတ်ပါလက်ပါနဲ့ ရိုက်ကူးဖြစ်ခဲ့တယ်။ ထက်ထက်တို့ မျက်စိ ရှေ့တင် ၁၇ နှစ်ပြည့်ခဲ့တဲ့ ပေါ်ပြူလာ အကြောင်းတွေးရင်း ထက်ထက် သမီး လေး စစ်လွန်းဝတီထက် ၁၇ နှစ်အရွယ်လောက် ရောက်ပြီဆိုရင်လည်း အတော် ကို ပျော်ရွှင်စရာကောင်းမှာပဲလို့ တွေး ကြည့်မိတယ်။ အခု ဝတ်မှုံရွှေရည် ကို သူ့ရဲ့အမေက ချစ်သလိုမျိုး ကြည်နူးသလိုမျိုး ကိုယ့်သမီးကို ကြည့်နေရတဲ့ ဘဝလေးက ဘယ်လောက် ကြည်နူးစရာ ကောင်းလိမ့်မလဲ။ ထက်ထက်လည်း သမီးလေးကို အဲဒီလိုမျိုးလေး ဖြစ်လာရင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ တွေးပျော် မိသေးတယ်။ ဝတ်မှုံရွှေရည် ရဲ့အမေ (အန်တီမီး) ကို တွေ့ရင်လည်း အမြဲပြောဖြစ် တယ်။ အန်တီ မီး တအားကံကောင်းတယ်လို့ ပြောတော့ ထက်ထက်လည်း ကံကောင်းမှာပါတဲ့။ စစ်လွန်းဝတီထက် လေးက ချစ်စရာ လေးပါတဲ့။

ထက်ထက် ငယ်ငယ်တုန်းက အိမ်ကလူတွေက ထက်ထက်ကို “မိမှုံ” လို့ပဲ ခေါ် ကြတယ်။ ထက်ထက် နာမည်က မှုံရွှေရည်၊ အခု ဝတ်မှုံရွှေရည် ကလည်း မှုံပါတော့ ထက်ထက် ငယ်ငယ်က ဘဝလေးကိုတောင် သတိရမိသေးတယ်။

ထက်ထက်လည်း ၁၇ နှစ်ဆိုတဲ့ အချိန်ကို ဖြတ်သန်းလာခဲ့ပြီးတော့ အခုအချိန် မှာ ထက်ထက်လည်း ပြန်ပြီးကြိုးစား ရှင်သန်ခွင့် ရချင်တယ်။ လူဆိုတာ ကြိုး စားတဲ့လူ၊ ဝီရိယ ရှိတဲ့လူဆိုရင် တစ်နေ့တစ်ချိန်မှာ အခွင့်အရေးဆိုတာ ရလာ ကြတာပါပဲ။ အဲဒီ အခွင့်အရေး ရလာတဲ့ အခါရောက်ရင် ထက်ထက်လည်း ကြိုးစားမယ်။ ဆက်ပြီးတော့ ရှေ့ဆက်မယ်။

Popular Journal