ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ မည်သည့်နေရာတွင် ထားသည်ကိုပင် မိသားစု သိခွင့်မရ

ပို့စ်တင်ချိန် - 6/24/2014 11:13:00 AM


ရမည်းသင်းအကျဉ်းထောင်တွင် ထိန်းသိမ်း ခံထားရသူ သာသနာရေးဝန်ကြီးဟောင်း  ဦးဆန်းဆင့်နှင့်အတူ ဖမ်းဆီး စစ်ဆေးခံနေ ရသည့် ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင် သူမင်းကို မည်သည့်နေရာ၌ ထိန်းသိမ်းထား သည်ကိုပင် မိသားစုများ သိခွင့်မရသေးဟု ကာယကံရှင်တို့က မဇ္ဈိမကို အတည်ပြုသည်။

“ကြာသပတေးနေ့က အလုပ်သွားချိန်က စပြီး အခုထိ ဆက်သွယ်လို့လည်း မရဘူး။ ဖမ်းထားတယ်ပဲ နောက်ပိုင်းကြားတယ်။ ဘယ်မှာရောက်နေတယ်ဆိုတာလည်း မသိရဘူး။ စိတ်လည်းပူနေရတယ်။ အိမ်ကိုလာပြီးတော့ စစ်တယ်။ ရုံးကို ၀င်စစ်တဲ့နေ့မှာ၊ အန်တီ (ဦးဆန်းဆင့်၏ဇနီး)ကိုတော့ နေအိမ်အကျယ်ချုပ်ထားတယ်လို့ ကြားတယ်။ ဘယ်မှာ ထားမှန်းမသိတော့ စိတ်ပူနေရတာပေါ့”ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကမူ တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဆန်းဆင့်အား ယခုလို ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ မမှန်မကန်စွပ်စွဲခံရခြင်းဟု ယုံကြည်နေကြသည်။

“ပြည်သူအတွက် တကယ်အလုပ်လုပ်တဲ့ ပုဂ်္ဂိုလ်၊ ပါတီစွဲ ပုဂိ္ဂုလ်စွဲမရှိတဲ့ လူတစ်ယောက်၊ ပြည်သူလူထု အားကိုးယုံကြည်တဲ့ သူတစ်ယောက်ကို ဒီပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ်မှာ အံ့သြမိတယ်။ ပြည်သူအကျိုးကို သယ်ပိုးနိုင်တဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက် မရှိတာ စိတ်မကောင်းဖြစ်မိတယ်။ မမှန်မကန် စွပ်စွဲခံရတယ်လို့ ယုံကြည်လို့ စိတ်မကောင်းဖြစ်မိတယ်”ဟု ရေကြည်မြို့နယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။

ပုသိမ်မြို့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးလှိုင်ဦးကလည်း “ဆက်သွယ်ရေးဝန်ကြီးတုန်းက အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ငွေကြေးအများကြီးလည်း မဟုတ်ဘဲ အခုလို လုပ်ဆောင်ခံရတာ မတရားဘူးလို့ မြင်တယ့်။ ဦးဆန်းဆင့်အပေါ်မှာ ဒီလိုလုပ်ဆောင်တာ ရိုးသားမှု မရှိဘူးလို့ မြင်တယ်။ အစိုးရအဖွဲ့က အခုထိ တိကျတဲ့ သတင်းထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးဘူး”ဟု ပြောဆိုခဲ့သည်။

“မဖြစ်နိုင်လောက်တဲ့ အဖြစ်အပျက် တစ်ခုလို့ မြင်တယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ သူနဲ့အတူတူ တွဲလုပ်ဖူးတော့ သူ့စိတ်သူလုပ်ကိုင်ပုံတွေကို သိနေတယ်။ သူက ကြီးမားတဲ့ပြဿနာရှိလောက်အောင် လုပ်ဆောင်မယ့်သူမျိုး မဟုတ်ဘူး။ ကျွန်တော် ယုံကြည်တယ်။ ဦးဆန်းဆင့်ဟာ ဒီလိုလုပ်မယ့်သူ တစ်ယောက် မဟုတ်ဘူးလို့ ယုံကြည်ထားတယ်”ဟု လပွတ္တာမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

ဇွန်လ ၁၉ ရက်တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၄၀၉/၁၀၉ ယုံကြည်အပ်နှံရေး အလွဲသုံးစားမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ စစ်ဆေးခံရသူများထဲတွင် ဦးဆန်းဆင့်နှင့် ၎င်း၏ ကိုယ်ရေးအရာရှိအပါအ၀င် စုစုပေါင်း ကိုးဦးအထိရှိသည်ဟု မိသားစုဝင်အချို့က ပြောသည်။

ဦးဆန်းဆင့်၏ မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိထားသည်ကိုလည်း ၎င်းတို့နှင့် နီးစပ်သော မိသားစုဝင်အချို့က အတည်ပြုသည်။ ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးတာဝန် မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အများပြည်သူ၏ နှစ်သက်မှုကို ခံယူနိုင်ခဲ့သည်။ ယင်းသို့ ဖမ်းဆီးခံရမှုကို ဧရာဝတီတိုင်းမှ ပြည်သူအချို့က ကန့်ကွက်ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေသည်။

ပုဒ်မ ၄၀၉/၁၀၉ သည် ပြည်သူ့ ၀န်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ပြစ်မှု မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားသည်ကို စစ်ဆေးတွေ့ရှိရပါက ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် တစ်ကျွန်းအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်။

Mizzima News Daily